News

POST TYPE

NEWS

ဆန်ကွဲတရားဝင်တင်ပို့ရေးဆိုင်ရာစာချုပ် တရုတ်နှင့်ညှိနှိုင်းမှုအောင်မြင်
14-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၄

တရုတ်နိုင်ငံသို့ ဆန်ကွဲတရားဝင်တင်ပို့နိုင်ရန်အတွက် မြန်မာ-တရုတ်နှစ်နိုင်ငံချုပ်ဆိုမည့်စာချုပ်ကို ညှိနှိုင်းပြီးစီးပြီဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောကြားသည်။

ဆန်ကွဲကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် (ကိုတာ) ပမာဏကန့်သတ်ချက်မရှိသောကြောင့် လွတ်လပ်စွာတင်ပို့နိုင်သော်လည်း သတ်မှတ်ထားသည့် အရည်အသွေးဆိုင်ရာ စစ်ဆေးချက်များနှင့်အတူ မှတ်ပုံတင်ထားပြီး နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုထားမှသာ တင်ပို့မှုကို တရားဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

“မကြာခင်တော့ လက်မှတ်ထိုးဖြစ်တော့မှာပါ။နှစ်ဖက်ကညှိပြီးပြီ။သဘောတူစာချုပ် MoU မှာပါမယ့် အသေးစိတ်အချက်အလက်တွေကတော့ ညှိလို့ပြီးသွားပြီ။သဘောတူညီချက်လည်းရပြီးပြီ။လက်မှတ်ထိုးဖို့ပဲ ကျန်တော့တာ” ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့သည့် ဆန်တင်ပို့မှုအတွက်စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေးသဘောတူစာချုပ်တွင် ဆန်ကွဲကိုထပ်မံဖြည့်စွက်၍ လက်မှတ်ရေးထိုးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးပါက ဆန်ကွဲကို တရားဝင်စတင်ပို့နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆန်ကွဲတင်ပို့မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံကို အများဆုံးတင်ပို့ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံကို အများဆုံးတင်ပို့နိုင်ကြောင်း စီးပွား။ကူးသန်းဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

J-11