News

POST TYPE

NEWS

စည်ပင်မှ အွန်လိုင်းမီဒီယာအပြင် ရုပ်သံလိုင်းပါ ထုတ်လွှင့်နိုင်ရန်စီစဉ်ဟု မြို့တော်ဝန်ဆို
14-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော်သတင်းစာထုတ်ဝေခြင်းကို ရပ်နားခဲ့ပြီးနောက် အွန်လိုင်းမီဒီယာအပြင် ရုပ်သံလိုင်းတစ်ခုပါ ထုတ်လွှင့်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။ 

၂၉ နှစ်ကြာ ထုတ်ဝေခဲ့သော နေ့စဉ်ထုတ်သတင်းစာဖြစ်သည့် မြို့တော်သတင်းစာကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ ရပ်နားခဲ့ပြီး အွန်လိုင်းမှ ဖတ်ကြားနိုင်သည့် သတင်းစာအဖြစ်သာ ထုတ်ဝေခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့က မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ၎င်းက ပြောဆိုသည်။ 

“အချို့က မြို့တော်သတင်းစာ ပိတ်လိုက်ပြီလို့ ပြောတယ်။ တကယ်တော့ မြို့တော်သတင်းစာ မပိတ်ပါဘူး။ သတင်းစာအသွင်ပြောင်းလိုက်တာပါ။ မြို့တော် သတင်းစာက အစိုးရသတင်းစာလောက်တော့ လွတ်လပ်မှုမရှိဘူး။ အစိုးရလက်အောက်မှာ ရှိနေတဲ့အတွက်ကြောင့်ပါ။ မြို့တော်သတင်းစာက ကြော်ငြာအားကောင်းတယ်။ အဲဒီအတွက် မရှုံးဘူး။ မြတ်ပါတယ်။ ဝန်ကြီးချုပ်က ကျွန်တော် Channel တစ်ခုရမယ်ပြောတယ်။ စည်ပင်အနေနဲ့ Channel အနေနဲ့ ထုတ်လွှင့်ဖို့ စီစဉ်ပေးမယ်လို့ပြောပါတယ်” ဟု ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ဝေလျက်ရှိသော မြို့တော်သတင်းစာကို ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ ထုတ်ဝေလျက်ရှိပြီး ယင်းမြို့တော်သတင်းစာကို ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ကာ ထုတ်ဝေခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။

မြို့တော်သတင်းစာမှာ ရန်ကုန် မြို့တော် စည်ပင်သတင်းများအပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ အနုပညာ၊ နည်းပညာသတင်းများနှင့် ဆောင်းပါးများ စသည်တို့ကို ကဏ္ဍစုံဖော်ပြနေသည့် သတင်းစာဖြစ်ပြီး နေ့စဉ် တနင်္လာနေ့မှ စနေအထိ ထုတ်ဝေနေသော သတင်းစာဖြစ်ကြောင်း သိရသည်။

J-10