News

POST TYPE

NEWS

ကျွဲ၊ နွားအရှင် ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာသန်း ၄၀ ကျော်ရ
14-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၁၃

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြည်ပသို့ ကျွဲ၊ နွားအရှင် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၅၄ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းကာလအတွင်း နွားကောင်ရေ ၃၀,၄၆၀ ကောင်၊ ကျွဲကောင်ရေ ၁၂၈၄ ကောင် တင်ပို့ထားပြီး နွားတင်ပို့မှုမှ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၈၇၂ သန်းနှင့် ကျွဲတင်ပို့မှုမှ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆၉ သန်း ရရှိထားကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၅၄ သန်းရရှိထားခြင်းဖြစ်သည်။

“အရင် ကာလတူထက်စာရင်တော့ နွားရော၊ ကျွဲရောနည်းနေတဲ့ အနေ အထားရှိတယ်။ အရင်နှစ်ထက်စာရင် လျော့နည်းတာပေါ့။ မွေး/ကုဘက်ကလည်း တင်ပို့မှုကို ပြန်စိစစ်တာတွေရှိ လာတယ်။ အရင်တုန်းကဆို ကျန်းမာရေး ထောက်ခံစာတွေက အများကြီးလာတယ်။ အခုနောက်ပိုင်းမှာ သေချာစိစစ်တဲ့အခါကျတော့ ထောက်ခံချက်တွေနည်းလာတယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်က ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ်တင်ပို့မှုထက် အနည်းငယ်လျော့ကျသွားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကျန်းမာကြောင်း ထောက်ခံချက်များထုတ်ပေးခြင်းကို ယခင်ထက်ပိုမိုစိစစ်လာကြောင်း ၎င်းကဆိုသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနှင့် တိရစ္ဆာန်ကျန်းမာရေးစောင့် ရှောက်ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ရောက်ရှိစေရန် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ မူဝါဒကို ရေးဆွဲနိုင်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးဓာတ်ခွဲခန်းများကို နိုင်ငံတကာ အဆင့်မီ ISO 17025:2007 လက်မှတ်ရ ဓာတ်ခွဲခန်းများ ဖြစ်စေရန် အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ GACC နှင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်ကို လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီး တင်ပို့နေသည့် ကျွဲ၊ နွားကားများကို လက်နက်ကိုင်အဖွဲ့များမှ ပစ်ခတ်မီးရှို့မှုများရှိနေပြီး ယမန်နှစ်က ကားသမား ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

J-11