News

POST TYPE

NEWS

အောင်တံခွန်ရေယာဉ်ဖြင့် လိုက်ပါလာသော ကုန်းလမ်းပို့ဆောင်ရေး ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ဖမ်းဆီး
01-Jan-2020
ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဘူးသီး တောင်မြို့နယ်သို့ အောင်တံခွန်ရေယာဉ် ဖြင့် လိုက်ပါစီးနင်းလာသော ကုန်းလမ်းပို့ ဆောင်ရေးဌာနမှ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA တပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲ ၁ နာရီခန့်က ဖမ်းဆီးသွား ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဦးစီးဌာန (ရခိုင်ဌာနခွဲ)မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးအောင်လင်းက The Voice  သတင်းစာသို့ အတည်ပြုပြော ဆိုသည်။ 

“နေ့လယ် ၁ နာရီ မိနစ် ၂၀ လောက် က ဖမ်းသွားတာ၊ စဖိုစုကျွန်းနဲ့ အုတ်ဖိုစု ကျေးရွာကြားမှာ ဖြစ်တာပါ။ အခုချိန်အထိ အဆက်အသွယ်မရသေးဘူး။ တခြားခရီး သည်တွေလည်းပါတယ်။ ယာဉ်မောင်းက ၁၈ ဦးပါတာ။ ၁၆ ဦးအဖမ်းခံရတာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အောင်တံခွန် ၇ ရေယာဉ်သည် စစ်တွေမြို့မှ ဘူးသီးတောင်မြို့နယ်သို့ ပြေးဆွဲ နေသောရေယာဉ်ဖြစ်ပြီး ရေယာဉ်ပေါ်တွင် ခရီးသည် ၈၉ ဦး ၊ ရေယာဉ်မောင်းဝန်ထမ်း ၁၂ ဦး လိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖမ်းဆီးခံရသော ယာဉ်မောင်း များသည် မောင်တောမြို့နယ်ရှိ ပြန်လည် လက်ခံရေးစခန်းများတွင်ရှိသော ယာဉ်များ ကို မောင်းနှင်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယာဉ်မောင်း ၁၆ ဦး ဖမ်းဆီးခံရမှု နှင့်ပတ်သက်၍ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ရသေ့တောင်အကျော်လေးမှာ ဖြစ်တာ။ AA က ဖမ်းသွားတာလို့တော့ အတည်ပြု ပြောဆိုလို့ရတယ်။ အတိအကျတော့ သူတို့ ထုတ်ပြန်တာပဲ စောင့်ကြည့်လိုက်ပါ”ဟု အတည်ပြုပြောဆိုသည်။

AA တပ်ဖွဲ့သည် မကြာသေးမီက ရွှေနဒီအမြန်ရေယာဉ်ကို ရပ်တန့်စစ်ဆေး ပြီး နယ်မြေအပြောင်းအရွှေ့ လုပ်လာသော ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးမှု ဖြစ်ပေါ် ခဲ့သေးသည်။ 

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း ကလည်း မြောက်ဦး-စစ်တွေ ကားလမ်း၊ ကံကြီးကွေ့ မိုင်တိုင်အမှတ် ၁၂၇ အနီးတွင် ရွှေပြည်သစ်ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၂၆ ရက်နေ့က လည်း ရွှေနဒီအမြန်ရေယာဉ်ဖြင့် လိုက်ပါ လာသောခရီးသည်များကို ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီး အရပ်သား ၂၅ ဦးကို ၁၀ ရက် ခန့်အကြာမှ ပြန်လွှတ်ပေးခဲ့သည်။

ဇော်မိုးလွင်