News

POST TYPE

NEWS

ဖိနပ်နှင့်အနွေးထည် လိုအပ်နေသည့် နာဂကလေးငယ်များအတွက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌက လှူဒါန်း
31-Dec-2019

ကလေး၊ ဒီဇင်ဘာ ၃၀

ဖိနပ်နှင့်အနွေးထည်များ လိုအပ်နေသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့အနီး ဂမန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် အလှူရှင်များက ဖိနပ်၊ အနွေးထည်၊ ဘောင်းဘီနှင့် စာအုပ်များ လှူဒါန်းခဲ့ကြောင်း နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက ပြောသည်။

ဒုဥက္ကဋ္ဌ လှူဒါန်းလိုက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်နေသည့်ပစ္စည်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက ကျေးရွာအထိ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းမှုကို ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီအခက်အခဲတွေက တစ်ရွာတည်းတော့မဟုတ်ဘူး၊ အားလုံးကြုံတွေ့နေရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသ ဖြစ်တယ်။ လမ်းမကြီးသွားလာဖို့ အခက်အခဲတွေကြောင့် ဒီတစ်ခုတည်း မဟုတ်ပါဘူး။ အစစအရာရာ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ အခက်အခဲတွေ ကြားထဲကနေ အလှူရှင်တွေက ပံ့ပိုးပေးတယ်ဆိုတော့ လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတာပေါ့”ဟု နန်းယွန်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှက ပြောသည်။

ဂမန်းကျေးရွာသည် ဒုံဟီးမြို့မှ အနောက်တောင်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပြီး ဆိုင်ကယ်ဖြင့် တစ်နာရီကျော် သွားရောက်ရသည်။ ယင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၅၂ ဦး ရှိပြီး အဆိုပါစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများတွင် ဖိနပ်မရှိခြင်း၊ အနွေးထည်မရှိခြင်းကြောင့် ခက်ခက်ခဲခဲ လှူဒါန်းမှုများပြုလုပ်နေရကြောင်းအွန်လိုင်းနှင့် သတင်းစာစာမျက်နှာပေါ်တွင် ဖော်ပြမှုများရှိခဲ့ပြီးနောက် အလှူရှင်များပေါ်ပေါက်ကာ လှူဒါန်းမှုပြုလုပ်ကြခြင်းဖြစ်သည်။

R-20