News

POST TYPE

NEWS

မုန်ယိုပြီး လူများကို နင်းသတ်ထွက်ပြေးနေသည့်ဆင်ကို ဖမ်းဆီးရမိ
31-Dec-2019

လူ ၃ ဦးကို နင်းသတ်ခဲ့သော အိမ်မွေးဆင်ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မေ့ဆေးဖြင့် ပစ်ဖမ်းခဲ့သည်

ကလေး၊ ဒီဇင်ဘာ ၃၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာအနီးတွင် မုန်ယိုပြီး လူများကို နင်းသတ်ကာ ထွက်ပြေးနေသည့်ဆင်ကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောကြားသည်။

မိုးညှင်းမြို့နယ် ညောင်ထောက်ကျေးရွာ အနီးတွင် နေထိုင်သည့် အောင်ဘုအမည်ရှိ အသက် (၄၉) နှစ်အရွယ် အိမ်မွေးဆင်ထီးသည် မုန်ယိုပြီး စိတ်ရိုင်းဝင်ကာ လွဲမွန်ကျေးရွာမှ ဆင်ဦးစီး ဦးရွှေကျော်၊ ညောင်ပင်ကျေးရွာမှ ဦးအေးမင်းဦးနှင့် ဦးမြင့်ဝင်းတို့ သုံးဦးကို နင်းသတ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက် နေ့မှစတင်ကာ ဒေသခံပြည်သူ ၁၀၀ ခန့်သည် ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်နေထိုင်ခဲ့ကြသည်။

ယင်းနောက် မုန်ယိုပြီး ထွက်ပြေးနေသည့်ဆင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှ ဆင်ဆရာဝန် ဒေါက်တာ မျိုးမင်းအောင် ဦးစီးသည့် ဆင်ပစ်အဖွဲ့သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မေ့ဆေးဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ညနေ ၄ နာရီ တွင် ဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ သိရသည်။

“ခုတော့ လုံခြုံစိတ်ချပြီးတော့ ဒီဘက်ဒေသမှာ နေထိုင်တဲ့သူတွေ အန္တရာယ်မရှိတော့ပါဘူး”ဟု အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ပြောသည်။

ဖမ်းဆီးထားသည့်ဆင်ကို ဆင်ပိုင်ရှင်ဖြစ်သူ ဦးညွန့်ရွှေက အောက်ရွှေကျင်း ကျေးရွာအနီးတွင် ထိန်းသိမ်းထားကြောင်း ၎င်းက ဆိုသည်။

R-20