News

POST TYPE

NEWS

ရှဒူးဇွပ်ကျေးရွာ စျေးမီးလောင်၊ စျေးဆိုင်ခန်းပေါင်း ၁၄၀ နှင့် လူနေအိမ် လေးလုံး ဆုံးရှုံး
31-Dec-2019


ကလေး ၊ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ ရဒူးဇွပ်ကျေးရွာရှိ ကျေးရွာစျေး မီးလောင်ခဲ့ပြီး မီးလောင်မှုကြောင့် စျေးရှိ ဆိုင်ခန်းပေါင်း ၁၄၀ ကျော်နှင့် လူနေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ရှဒူးဇွပ်ကျေးရွာစျေးကော်မတီအဖွဲ့ထံမှ စုံစမ်းသိရသည်။

ရှဒူးဇွပ်ကျေးရွာ စျေးသည် တနိုင်းမြို့နှင့် မြစ်ကြီးနား ဆက်သွယ်သွားလာသည့် လီဒိုကားလမ်းမဘေးကြီးဘေးတွင် တည်ရှိသည့် ကျေးရွာဖြစ်သည်။ အဆိုပါ ကျေးရွာရှိ စျေးသည် ဒီဇင်ဘာလ ၃၀ ရက် ည ၁၁ နာရီ ကျော် အချိန်ခန့်မှ စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် စျေးဆိုင်ခန်း ၁၄၇ ဆိုင် ရှိ စျေးပစ္စည်းများ အားလုံးနှင့် စျေးအနီးရှိ နှစ်ထပ် လူနေအိမ်လေးလုံး တစ်ထပ်အိမ်သုံးလုံးတို့မှာလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ရှဒူးဇွပ်ကျေးရွာ တာဝန်ခံဦးဆွေဦးက ပြောသည်။

“ဘတ်ဖိုးနဲ့ မလောင်းသေးတဲ့ အိမ်တွေကို ဖျက်ချပြီးတော့မှ မီးလမ်းကြောင်းနဲ့ မီးတားလိုက်တာ။ အဲ့တာမှ မီးနိုင်သွားတယ်။ အခုလက်ရှိအခြေအနေကတော့ ပစ္စည်းရှာခြင်တဲ့ ပိုင်ရှင်တွေကို ပစ္စည်းရှာခိုင်းပြီးပြီဆိုရင် အဲ့တာကို ရှင်းလင်းရေးလုပ်ရမယ်။ ဆုံးရှုံးမှုကတော့ ကျွန်တော်တို့အပါအဝင် ဘာမှကို မရကြတာ'ဟု ရှဒူးဇွပ်စျေး မီးလောင်ရာတွင် ဆိုင်ခန်းသုံးခန်းဆုံးရှုံးခဲ့သူ Peter Mungnoi က ပြောသည်။

စျေးမီးလောင်မှုသည် မည်သည့်နေရာမှ စတင်လောင်ကျွမ်းခဲ့သည်ကို သက်ဆိုင်ရာတာဝန်ရှိသူများက စတင်စစ်ဆေးနေပြီဖြစ်ကြောင်းလည်း စျေးကော်မတီ အဖွဲ့မှ စုံစမ်းသိရသည်။ စျေးမီးလောင်မှုကြောင့် စျေးဝန်းအတွင်းရှိ ကုန်စိမ်းတန်းမှလွဲလျင် အဆောက်အဦးအားလုံး ပျက်စီးခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ဈေး၏သက်တမ်းမှာ ၁၅ နှစ် ရှိပြီဖြစ်ကြောင်း စျေးကော်မတီအဖွဲ့မှ စုံစမ်းသိရသည်။

R-20