News

POST TYPE

NEWS

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်နှစ်ဦး လစဉ်ချီးမြှင့်ငွေ ရရှိမည်
31-Dec-2019
တောင်ငူ၊ ဒီဇင်ဘာ ၃၀

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး တိုင်းဒေသကြီး ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦးကို လစဉ်ချီးမြှင့်ငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း ကော်မရှင်ထုတ်ပြန်စာအရ သိရသည်။

“အရင်က ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေက လုပ်ငန်းရှိချိန် တစ်ရက်ကျပ် ၃၀၀၀ သာ ချီးမြှင့်ခဲ့တာပါ။ အခုတော့ ဥက္ကဋ္ဌနဲ့အဖွဲ့ဝင် နှစ်ယောက် လစဉ်ချီးမြှင့်ငွေ ရရှိတော့မှာပါ။ ဥက္ကဋ္ဌက လစဉ်ဖြစ်ပြီး အဖွဲ့ဝင်နှစ်ဦးက အလှည့်ကျရမှာဖြစ်ပါတယ်” ဟု တောင်ငူ ခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကိုကိုဦးက ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းမဟုတ်သော တိုင်းနှင့်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်နှင့် မြို့နယ် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လစဉ်ချီးမြှင့်ငွေ လာမည့်ဇန်နဝါရီလမှ စတင်ပြီး တစ်နှစ်တာကာလ ပေးအပ်မည်ဖြစ်သော်လည်း ဥက္ကဋ္ဌအပါအဝင် အရပ်သားအဖွဲ့ဝင် ၆ ဦးအနက် အဖွဲ့ဝင်နှစ်ဦးက အလှည့်ကျခံစားရမည်ဖြစ်သည်။

“ကျွန်တော်တို့က ဝါသနာလည်းပါလို့ ဒီအလုပ်လုပ်ခဲ့တာပါ။ ချီးမြှင့်ငွေအတွက် သိပ်ကြီးခံစားချက်မရှိပါဘူး။ အဖွဲ့ဝင်အားလုံး မျှဝေခံစားဖို့တော့ စဉ်းစားထားတယ်” ဟု အုတ်တွင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဝင်းက ပြောကြားသည်။

လက်ရှိ ခံစားခွင့်ပေးမည့် လစဉ်ချီးမြှင့်ငွေအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌသည် ၃၇၄,၀၀၀ ကျပ်၊ အဖွဲ့ဝင်တစ်ဦးလျှင် ၃၄၀,၀၀၀ ကျပ်နှင့် အလှည့်ကျနှစ်ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ခရိုင်အဆင့် ဥက္ကဋ္ဌသည် ၃၄၀,၀၀၀ ကျပ်၊ အဖွဲ့ဝင်သည် ၃၀၈,၀၀၀ ကျပ်နှင့် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌသည် ၃၀၈,၀၀၀ ကျပ်နှင့် အဖွဲ့ဝင်သည် ၂၇၅,၀၀၀ ကျပ် စတင်ခံစားရမည်ဖြစ်သည်။

ယင်းကဲ့သို့ လစဉ်ချီးမြှင့်ငွေ ခံစားရမည့်ကိစ္စကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး တရားဝင်အကြောင်းကြားစာကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရရှိခဲ့သည်ဟု ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးအချို့မှ သိရှိရသည်။

ယင်းသို့ မြို့နယ်နှင့် ပြည်နယ်တိုင်း ကော်မရှင်အဖွဲ့ခွဲများအနေနှင့် လစာများပေးကာ သတ်သတ်မှတ်မှတ် ခန့်အပ်ထားခြင်းက ကော်မရှင်အတွက် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး လစာနှင့် ခံစားခွင့်များကြောင့် ကော်မရှင်အဖွဲ့ခွဲများအနေနှင့် ရွေးကောက်ပွဲလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင်လာမည်ဟုလည်း ယူဆရကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးလှရွှေက ပြောကြားသည်။

“ကော်မရှင်က ဒိုင်ပဲလေ ရွေးကောက်ပွဲတွေမှာ သူ့တို့အနေနှင့်လည်း ခံ့စားခွင့်တွေ လစာတွေကောင်းဖို့လိုတယ်။ ဒါမှလည်း ရွေးကောက်ပွဲတွေ တရားမျှတဖို့နဲ့ လွတ်လပ်ဖို့ကို ပိုပြီးလုပ်ဆောင်နိုင်မယ်လို့ ထင်တယ်။ ရေရှည်လုပ်သွားရမယ့် ကိစ္စလည်းဖြစ်တာကိုး” ဟု ၎င်းက ပြောကြားသည်။

R-15