News

POST TYPE

NEWS

ရခိုင်ပြည်နယ် ဂူတာပြင်ဖြစ်စဉ်ကို စစ်တရားရုံး ၅ ကြိမ် ရုံးထိုင်စစ်ဆေးခဲ့ပြီးကြောင်း တပ်မတော် ထုတ်ပြန်
30-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် လူရာချီသတ်ဖြတ်ခဲ့သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် စစ်တရားရုံးတွင် ရုံးထိုင်စစ်ဆေးခြင်းကို ငါးကြိမ်ဆောင်ရွက်ပြီးဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဂူတာပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်အနေနှင့် ဖွဲ့စည်းထားသည့် စစ်တရားရုံးဖြင့်စစ်ဆေးမှုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှ စတင်ခဲ့ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် နယ်မြေတပ်ရင်းတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆေးမှုတွင် တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်း ဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့က ဦးဆောင်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ရာနှင့်ချီသည့် ရုပ်အလောင်းများကို နေရာငါးနေရာတွင် အစုလိုက် မြုပ်နှံခဲ့ပြီး အက်ဆစ်လောင်းကာ ဖျောက်ဖျက်ရန် ကြံစည်ခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလပိုင်းက AP သတင်းဌာနက ဖော်ထုတ်ခဲ့သည်။

ထိုသတင်းစတင်ထွက်ပေါ်စဉ်က အစိုးရက ယင်းသတင်းမဟုတ်မှန်ကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်မှ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးတစ်ရပ်ကို ဖွဲ့စည်းခဲ့ကာ ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းက စတင်ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
ယင်းသို့ ဘူးသီးတောင် နယ်မြေခံတပ်တွင် ရုံးထိုင်စစ်ဆေးခဲ့ပြီး သက်သေများကို စစ်ဆေးမေးမြန်းမှုများကို စစ်တရားရုံး လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်ရှိနေသေးသည့် တရားလိုဘက် သက်သေများနှင့် တရားခံဘက်အရာရှိက တင်သွင်းမည့် တရားခံဘက်သက်သေများကို စစ်တရားရုံး၏ လုပ်ထုံးလုပ်နည်းများနှင့် အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တရားရုံး ၅ ကြိမ် စစ်ဆေးမှုများကိုလည်း ဒေသခံ အမျိုးသားနှင့် အမျိုးသမီး ၂၆၄ ဦး တက်ရောက်လေ့လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းသို့ ထုတ်ပြန်ထားမှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအတွင်း ARSA အကြမ်းဖက်အဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲအချို့တွင် တပ်မတော်မှ စစ်သည်အချို့ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှု အားနည်းခဲ့သည်ဟု သံသယရှိသည့်အတွက် စုံစစမ်းစစ်ဆေးရန်ရခြင်းဖြစ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယင်းဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ မီဒီယာများတွင် ပြောကြားထားသည်။

(J-08)



  • VIA