News

POST TYPE

NEWS

နှစ်သစ်ကူးညအတွက် ကြိုတင်အခန်းငှားရမ်းမှု များပြား
30-Dec-2019
ရန်ကုန်၊ဒီဇင်ဘာ-၂၉

ရန်ကုန်မြို့တော်တွင် နှစ်သစ်ကူးညအတွက် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများတွင် တည်းခိုရန်အတွက် ကြိုတင်အခန်းငှားရမ်းမှုများပြားလျက်ရှိနေကြောင်း ရန်ကုန်မြို့ရှိ ဟိုတယ်၊ မိုတယ်၊အအေးခန်းဧည့်ရိပ်သာနှင့်တည်းခိုခန်းများထံမှ စုံစမ်းသိရသည်။

နှစ်သစ်ကူးညတွင် တည်းခိုနေထိုင်ရန် ရန်ကုန်သို့လာရောက်လည်ပတ်ကြသည့်သူများ၊ လူငယ်စုံတွဲများ ၊မိသားစုများ၊ သူငယ်ချင်းများအုပ်စုလိုက် အခန်းကြိုတင်ငှားရမ်းမှုများ ပြားလာသည့် အတွက် ဟိုတယ်၊ မိုတယ်၊ အအေးခန်းဧည့်ရိပ်သာအချို့၏ အခန်းငှားရမ်းခဈေးနှုန်းများမှာ ယခင်ကထက် ကျပ်ငါးထောင်မှ တစ်သောင်း ခွဲဝန်းကျင်အထိ မြင့်တက်လျက်ရှိသည်။

“နှစ်ကူးညဆို မနှစ်ကလဲ အခန်းကြိုတင်ငှားရမ်းသူတွေနဲ့ပြည့်တယ်။ ဒီနှစ်မှာလဲ အခုကတည်းက အခန်းကြိုယူတာတွေရှိနေတော့ နှစ်သစ်ကူး ၃၁ ရက်နေ့ညနေပိုင်းလောက်မှ အခန်းလိုချင်သူတွေအတွက် ရ မရ သိပါမယ်”ဟု သင်၊ယန်းကျွန်းမြို့နယ်ရှိ မိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နှစ်သစ်ကူးညအတွက် ရန်ကုန်မြို့ရှိ ဟိုတယ်အခန်းခဈေးနှုန်းများမှာ ကျပ်သုံးသောင်းမှ တစ်သိန်းကျော် အထိရှိပြီး မိုတယ်ဈေးနှုန်းများမှာလည်း ကျပ်တစ်သောင်းခွဲမှ သုံးသောင်းခွဲအထိ ဈေးနှုန်းရှိကာ အအေးခန်း ဧည့်ရိပ်သာနှင့် တည်းခိုခန်းအခန်းခဈေးနှုန်းများမှ ကျပ်တစ်သောင်းမှ နှစ်သောင်းခွဲအထိ ဈေေးနှုန်းရှိကြောင်း စုံစမ်းသိရသည်။

“နှစ်သစ်ကူးညက ရုံးပိတ်ရက်လည်း ဖြစ်တယ်။ ပုံမှန်ဆိုရင် အဲဒီလိုရက်မျိုးတွေက လူများနေကြပါ။ ဘိုကင်ကတော့ ကြိုမပေးပါဘူး။ ၃၁ ရက်နေ့မှ လာတဲ့သူတွေ ဦးသူစနစ်နဲ့ဘဲ အခန်းငှားရမ်းသွားမယ်”ဟု ပန်းဘဲတန်းမြို့ နယ်ရှိ ဟိုတယ်တစ်မှမှ မန်နေဂျာက ဆိုသည်။

ရန်ကုန်မြို့နှစ်သစ်ကူးညတွင် နှစ်စဉ်မြို့တွင်းမြို့နယ်နှင့် ဆက်စပ်မြို့နယ်များသာမက ဆင်ခြေဖုံးမြို့နယ်ရှိ ဟိုတယ်၊ မိုတယ်နှင့် အအေးခန်းဧည့်ရိပ်သာများမှာ တည်းခိုသူများပြားသောကြောင့် အခန်းများပြည့်နှက်နေလျက်ရှိပြီး အဆိုပါညတွင် အခန်းများကိုအချိန်ပိုင်းဖြင့်သာ ငှားရမ်းလျက်ရှိသည်။

 “နှစ်သစ်ကူးည လူငယ်စုံတွဲတွေက ဟိုတယ်၊ တည်းခိုခန်းကို အများဆုံးလိုက်ပို့ခိုင်းတယ်။ မနှစ်က အတွဲတစ်တွဲ ဆို မြို့တွင်းမြို့နယ်က ဟိုတယ်၊ တည်းခိုခန်းနေရာတွေမှာ အခန်းမရလို့ သန်လျင်ကတည်းခိုခန်းအထိ ကျွန်တော်လိုက်ပို့လိုက်ရတယ်။ နယ်ကလဲ မိသားစုလိုက်အပန်းဖြေလာရောက်သူတွေလဲ ရှိတယ်။ အချို့က သီးသန့်ပျော်ချင်လို့ကို လိုက်ငှားတာတွေရှိတယ်” ဟု သာကေတမြို့နယ်မှ အငှားယာဉ်မောင်းဖြစ်သူ ကိုစိုးနိုင်က ဆိုသည်။

စည်ပင်နယ်နမိတ်တွင် တည်းခိုခန်းလိုင်စင်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုခြင်းဖြစ်ပြီး ဟိုတယ်နှင့်မိုတယ်လိုင်စင်များကို အစိုးရအဖွဲ့မှ ခွင့်ပြုကြောင်းနှင့်ယင်းစည်ပင်နယ်နမိတ် ၃၃ မြို့နယ်တွင် တည်းခိုခန်းလိုင်စင် ၄၀၀ကျော်ကို ခွင့်ပြုထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
 
(J - 10)


  • VIA