News

POST TYPE

NEWS

နမ္မတူတွင် တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ် အရပ်သားတစ်ဦးသေဆုံး
30-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့က တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် ခြောက်ဘီးကား ယာဉ်မောင်းတစ်ဦး သေဆုံးသွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လားရှိုးနှင့် နမ္မတူ ကားလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် ခရီးသွားကားများကို ရပ်တန့်ထားခိုင်းပြီး ပြန်လွှတ်သည့်အချိန်တွင် အဆိုပါ ခြောက်ဘီးကားကို လက်နက်ကြီးကျည်ထိမှန်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူသေဆုံးသွားခြင်းဖြစ်ကြောင်း လားရှိုးဒေသခံ မော်တော်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“တိုက်ပွဲတွေဖြစ်နေတော့ ဖြတ်ခွင့်မပေးဘူး ပိတ်ထားတယ်။ ပြီးတော့ ထွက်ခွင့်ပေးလိုက်ပြီးမှ အတက်မှာ လက်နက်ကြီးကျလာတာ။ ဒီလမ်းမှာ အရင်လို ပစ်ခတ်ဖူးတာလည်းရှိတယ်။ ဂရုစိုက်ပြီး တက်ဆင်းရတာ။ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းတိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း TNLA အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး-နမ္မတူကားလမ်း အနီးရှိ လွယ်တောက်ကျေးရွာအနီးသို့ ရောက်ရှိစဉ် TNLA လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(J - 08)



  • VIA