News

POST TYPE

NEWS

ကျောက်ဆည် တမုတ်ရွှေဂူကြီးဘုရားဗုဒ္ဓဝင်ပြတိုက် ရှေးဟောင်းနယ်မြေပြင်ပတွင် ဆောက်လုပ်မည်
25-Dec-2019


မန္တလေး၊ ဒီဇင်ဘာ ၂၅

ကျောက်ဆည်မြို့ ရှေးဟောင်းစေတီဖြစ်သော တမုတ်ရွှေဂူကြီးပုရိဝုဏ်တွင် ဗုဒ္ဓဝင်ပြတိုက်တည်ဆောက်မည်ဆိုခြင်းမှာ မဟုတ်ဘဲ ပြင်ပတွင်သာဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

“ဘုရားရဲ့ယဉ်ကျေးမှုနယ်မြေအတွင်းမှာ ဆောက်လုပ်မှာမဟုတ်ပါဘူး။ ရှေးဟောင်းနယ်မြေပြင်ပမှာပဲ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု တမုတ်ရွှေဂူကြီးဘုရား ဂေါပကအဖွဲ့ဝင် ဦးဌေးမောင်က ပြောကြားသည်။

ကျောက်ဆည်တမုတ်ရွှေဂူမှာ ဗုဒ္ဓဝင်ပြခန်းဆောက်မည့်ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများ သိစေအပ်ပါသည် ဟူသည့် မြန်မာမှုဗိသုကာပညာရှင်တစ်ဦး၏သဘောထားမှာ လူမှုကွန်ရက်စာမျက်နှာတွင်ပျံ့နှံ့ပြီး ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ရှေးဟောင်းနယ်မြေထဲတွင် ဗုဒ္ဓဝင်ပြတိုက်ဆောက်မည့်သတင်းကြားရသဖြင့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ရှေးဟောင်းနယ်မြေ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနေရာတွင် လက်ရာအသစ်များ ပြုပြင်မွမ်းမံခြင်း၊ တည်ဆောက်ခြင်းများ မပြုလုပ်သင့်ကြောင်း မြန်မာ့ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောကြားသည်။

ဂေါပကအနေဖြင့် ဗုဒ္ဓဝင်ပြတိုက်ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပြင်ပတွင် ဆောက်မည်ဆိုပါက ကန့်ကွက်ရန်မရှိကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စုရှိ တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်တည်ရှိရာပရိဝုဏ်ကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ပုဒ်မ ၄၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ (Ancient Monumental Zone) အဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က သတ်မှတ်ခဲ့သည်။

တမုတ်ရွှေဂူဘုရားကို ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းသုတေသန ယဉ်ကျေးမှု့သမိုင်းဝင်ဘုရားအဖြစ် သတ်မှတ်ခဲ့ပေကြောင်း၊ ဤမျှ လိုလေသေးမရှိ အဖက်ဖက်က ယဉ်ကျေးမှုလက်ရာများ ကြည့်ရှုလေ့လာ မဆုံးနိုင်အောင်ရှိနေသော တမုတ်ရွှေဂူကြီးဘုရားတွင် ယခင်ဆရာတော်များနှင့် ဘုရားဂေါပကတို့က ခေါင်းလောင်းအသစ် သွန်းလှူလိုခြင်း၊ တံခွန်တိုင်အသစ် တည်ဆောက်လိုခြင်း၊ ရုပ်ပွားတော်အသစ် တည်ထားကိုးကွယ်လိုခြင်း၊ အလှူရှင်က ဗျည်းကျောက်စာများ အရွယ်ကြီးစွာစိုက်ထူခြင်း၊ ရှေးဟောင်းဥပဒေနှင့်ဆန့်ကျင်သော တည်ဆောက်ပြုပြင်လုပ်ငန်းများ တိုးချဲ့လိုခြင်းတို့ကို ကျွန်တော်က အမုန်းခံ၍ တားမြစ်ခဲ့ဖူးကြောင်း မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

M-01