News

POST TYPE

NEWS

ခရစ္စမတ်နေ့ ပုပ္ပားတောင်မကြီးတောင်တက်ပွဲ၌ တက်ရောက်သူလျော့နည်း
25-Dec-2019

ပုံစာ -ပုပ္ပားတောင်တက်ရောက်လာသူများကို ပုပ္ပားတောင်ချစ်သူများအသင်းနှင့် ကျောက်ပန်းတောင်းလူငယ်ကွန်ရက်တို့က ငချိတ်ပေါင်းနှင့် ရေသန့်ဘူးများ ပေးလှူနေစဉ်
ဓာတ်ပုံ - ပုပ္ပားတောင်ချစ်သူများအသင်း 

မိတ္ထီလာ၊ ဒီဇင်ဘာ ၂၅

နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ရောက်တိုင်း ကျောက်ပန်းတောင်းမြို့နယ်နှင့် အနယ်နယ်အရပ်ရပ်မှ တောင်တက်အားကစားဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများက ပုပ္ပားတောင်မကြီးသို့လာရောက်၍ တောင်တက်ပွဲဆင်နွှဲလေ့ရှိရာ ယခုနှစ်တွင် တက်ရောက်သူအရေအတွက် လျော့နည်းလာကြောင်း ကျောက်ပန်းတောင်းမြို့အတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

“မနှစ်ကထက်စာရင် နည်းတယ်။ လူမှုရေးစီးပွားရေးအခြေအနေတွေ ပါမယ်ထင်တယ်။ ရက်ရှည်ရုံးပိတ်ရက်တွေများတာလည်း ပါမယ်ထင်တယ်။ ခရီးသွားကာလက ဒီဇင်ဘာတင်မဟုတ်တော့ဘူး” ဟု ပုပ္ပားတောင်ချစ်သူများအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းဆွေက မှတ်ချက်ပြုသည်။

ယမန်နှစ် ခရစ္စမတ်နေ့က ပုပ္ပားတောင်မကြီးသို့တက်ရောက်သူ အရေအတွက်မှာ ၂၅၀၀ ဝန်းကျင်ရှိပြီး ယခုနှစ်တွင် တက်ရောက်သူအရေအတွက်မှာ ၁၅၀၀ ဝန်းကျင်သာရှိကြောင်း၊ ပုပ္ပားတောင်မကြီးသို့ တက်ရောက်လာသူများကို နှစ်စဉ် အစားအစာနှင့် သောက်ရေလှူဒါန်းရာတွင်ပါဝင်သော ကျောက်ပန်းတောင်းလူငယ်ကွန်ရက်မှ ဥက္ကဋ္ဌ ကိုဝေလွင်ဦးက ပြောကြားသည်။

ယခုနှစ် ခရစ္စမတ်ကာလ ပုပ္ပားတောင်မကြီးတက်ပွဲသို့ မိတ္ထီလာ၊ မြင်းခြံ၊ ပခုက္ကူ၊ မကွေးမြို့နယ်တို့မှ ဧည့်သည်များ လာရောက်ကြပြီး ယခင်နှစ်များတွင် မန္တလေးမြို့၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဧည့်သည်များပါ လာရောက်ခဲ့ကြကြောင်း ကျောက်ပန်းတောင်းမြို့နယ်အခြေစိုက် လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

ကျော်စိုးမိုး