News

POST TYPE

NEWS

Victoria အတွက် အမှုမှန်ပေါ်ပေါက်ရေးနှင့် ကျင့်ဝတ်ဖောက်ဖျက်သူများကို အရေးယူရန် မန္တလေးမြို့ခံများ ဆန္ဒပြ
25-Dec-2019


မန္တလေး၊ ဒီဇင်ဘာ ၂၄

ပြီးခဲ့သည့် ရက်ပိုင်းက အမည်နှင့် နေရပ်လိပ်စာတို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေခြင်းခံခဲ့ရသည့် လိင်အကြမ်းဖက်ခံ အသက်နှစ်နှစ်ကျော်အရွယ် Victoria အမှုအတွက် အမှန်အတိုင်းပေါ်ပေါက်ရေးနှင့် ကျင့်ဝတ်မရှိသူများကို အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုတစ်ခုကို မန္တလေးမြို့ခံ တစ်ရာခန့်က ပြုလုပ်ခဲ့ကြသည်။

“မတရားမှုကို မခံချင်တဲ့၊ မိဘချင်း စာနာတဲ့လူတွေ လုပ်တာပါပဲ၊ လူမှုကျင့်ဝတ်၊ ဥပဒေချိုးဖောက်တဲ့၊ ကလေးသူငယ်ကာကွယ်ရေး တာဝန်ပျက်ကွက်ကျူးလွန်တဲ့သူတွေကို အရေးယူပေးဖို့၊ သမီးလေး ဗစ်တိုးရီးယားအပေါ် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူကို အပြစ်ပေးအရေးယူပေးရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ရဲတပ်ဖွဲ့ဖြစ်ပေါ်လာရေး ဒီသုံးချက်ကို တောင်းဆိုတာပါ” ဟု လှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးအပါအဝင်ဖြစ်သည့် Generation Wave အဖွဲ့ဝင် ကိုဘိုဘိုမျိုးက ပြောကြားသည်။

လှုပ်ရှားမှုကို မဟာအောင်မြေ မြို့နယ်အတွင်းရှိ မနော်ရမ္မံလူထုဟစ်တိုင် ကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အမှုမှန်ပေါ်ပေါက်ရေး၊ ကျင့်ဝတ်ဖောက်ဖျက်သူများကို အရေးယူပေးရေး၊ နိုင်ငံသားတို့၏ ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ကလေးသူငယ်များ၏ အနာဂတ်ကို စာနာပါ စသည့် ဗီနိုင်များကိုင်ဆောင်စုဝေးခဲ့ကြပြီး၊ အမှုမှန်ပေါ်ပေါက်ရေး လိုလားသူတို့၏ လက်မှတ်များကို စုဆောင်းကာ နိုင်ငံတော်အကြီးအကဲများထံ တင်ပြရန်လည်း လုပ်ဆောင်ခဲ့ကြသည်။

ယင်းလှုပ်ရှားမှုအတွက် သက်ဆိုင်ရာ ထွေအုပ်၊ ရဲတပ်ဖွဲ့တို့ထံ ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်တောင်းခံရာတွင် ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များကို ဥပဒေပညာရှင် ရှေ့နေများနှင့် စာပေပညာရှင်များက ဟောပြောမည့်အစီအစဉ်က လုံခြုံရေးကို အကြောင်းပြုကာ ရဲတပ်ဖွဲ့က ခွင့်မပြုခဲ့သည့်အတွက် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း တက်ကြွလှုပ်ရှားသူ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

Victoria ဟု အများက အမည်ဝှက်ပေးထားကြသည့် အသက်နှစ်နှစ်ကျော် ကလေးငယ်လေးသည် ၎င်းတက်ရောက်နေခဲ့သည့် နေပြည်တော် Wisdom Hill မူကြိုတွင် လိင်အကြမ်းဖက်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းလိင်အကြမ်းဖက်ခံရမှုအတွက် ရဲတပ်ဖွဲ့က ယင်းမူကြိုကျောင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုအောင်ကြီးကို စွပ်စွဲကာ တရားစွဲဆိုခဲ့သော်လည်း တရားရုံးက စွပ်စွဲနိုင်သည့် အထောက်အထား ခိုင်လုံခြင်းမရှိသည့်အတွက် တရားရှင်လွှတ်ပေးထားခဲ့သည်။

ယင်းသို့ လွှတ်ပေးခဲ့ပြီး နောက်တစ်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုအောင်ကြီးကို စွပ်စွဲထားရသည့်အကြောင်းအရင်းများနှင့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ရာတွင် လိင်အကြမ်းဖက်ခံရသူ ကလေးငယ်၏ အမည်နှင့် မိဘ၏ အမည်တို့ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲကို လူမှုကွန်ရက်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် သတင်းဌာနများက နာရီပိုင်းအတွင်း ထုတ်လွှင့်မှုကို ဖြုတ်ချခဲ့ရာ ရဲတပ်ဖွဲ့က သတင်းများကို ထုတ်ပြန်ကြေညာပေးလျက်ရှိသည့် ရဲဇာနည်ပေ့ချ်ကမူ ဖြုတ်ချခဲ့ခြင်းမရှိသည့်အပြင် ကလေးငယ်၊ မိဘများ အမည်အပြည့်အစုံ၊ နေရပ်လိပ်စာတို့အပြင် Victoria လေး၏ တရားခွင်တွင် ထွက်ဆိုထားသည့် ထွက်ဆိုချက်များအရ ကျူးလွန်သူဟု လူထုက စွပ်စွဲခံနေရသည့် Wisdom Hill မူကြိုကျောင်း တာဝန်ရှိသူ၏ သားနှစ်ဦးအမည်များပါသည့် အမှုတွဲ စာရွက်စာတမ်းများကို ထပ်မံဖြန့်ဝေခဲ့သည်။

M-04