News

POST TYPE

NEWS

မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည်မြှင့်တင်ရန် ကင်ဂျုံအန်းနှင့် ထိပ်သီးစစ်ခေါင်းဆောင်များ ဆွေးနွေး
23-Dec-2019


ပြုံယမ်း၊ ဒီဇင်ဘာ ၂၂ 

မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည် ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ထိပ်ပိုင်းစစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ကြောင်း Reuters သတင်းတစ်ရပ်အရ သိရသည်။ 

အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာဆွေးနွေးပွဲ သဘောတူညီမှုရရှိရေးအတွက် မြောက်ကိုရီးယားက ယခုနှစ်ကုန်နောက်ဆုံးထား၍ အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည့်ကာလ နီးကပ်လာချိန်တွင် ထိုသို့ ကွန်မြူနစ်နိုင်ငံ၏ စစ်ရေးစွမ်းရည်မြှင့်တင်နိုင်ရေးအတွက် ကင်ဂျုံအန်းတို့ ဆွေးနွေးလာကြခြင်းလည်း ဖြစ်သည်။ 

အကယ်၍ ယခုဒီဇင်ဘာလကုန်ပိုင်း ရောက်သည့်တိုင်အောင် ဝါရှင်တန်ဘက်က နျူကလီးယားသဘောတူညီချက် တစ်စုံတစ်ရာရရှိအောင် မလုပ်ဆောင်ပေးပါက အလွန်ဆိုးရွားသည့် ခရစ္စမတ်လက်ဆောင်တစ်ခုကို အမေရိကန်ပြည်ထောင်စုအတွက် ပေးမည်ဖြစ်သည်ဟု ယခုလဆန်းပိုင်းတွင် မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုခဲ့သည်။ 

မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော်လည်း သဘောတူညီချက်တစ်စုံတစ်ရာပေါ်ထွက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။ 

ထိုအချိန်မှစ၍ နျူကလီးယား လက်နက်ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေထဲသို့ ရောက်ရှိခဲ့သည်။ 

နောက်ပိုင်းတွင် မြောက်ကိုရီးယားသည် ဆိုဟာရော့က်ကက်ထုတ်လုပ်ရေး စက်ရုံ၌ လက်နက်စမ်းသပ်ထုတ်လုပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီးအချို့သော စမ်းသပ်မှုများနှင့် စစ်ရေးလေ့ကျင့်မှုများကို ကင်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့သည်။ ဂျပန်နှင့် အခြားသောလေ့လာစောင့်ကြည့် သူများအဆိုအရ ပဲ့ထိန်းဒုံးကျည်များလည်း စမ်းသပ်ခဲ့သည်ဟုဆိုသည်။ 

ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှုများအရ မြောက်ကိုရီးယားနိုင်ငံအနေနှင့် ထိုသို့သော နျူကလီးယားစမ်းသပ်မှုမျိုး ပြုလုပ်ခွင့်မရှိပေ။ 

ယခုနောက်ဆုံး နိုင်ငံပိုင်မီဒီယာ KCNA ၏ ဖော်ပြချက်အရ ကင်ဂျုံအန်းသည် အလုပ်သမားပါတီ၏ ဗဟိုစစ်ရေးကော်မရှင် ဆွေးနွေးပွဲကြီးကိုကျင်းပပြုလုပ်ခဲ့သည်။

ယင်းကော်မရှင်၏ ဥက္ကဋ္ဌရာထူးကို ရယူထားသည့် ကင်ဂျုံအန်းက ပြည်တွင်းနှင့် ပြည်ပရှုပ်ထွေးသောအခြေအနေများကိုလေ့လာဆန်းစစ်ပြပြီး မြောက်ကိုရီးယား နိုင်ငံတော်၏တပ်မတော်ကို အလုံးစုံ အင်အားကောင်းမွန်အောင် မြှင့်တင်ရန် ဆွေးနွေးသွားသည်ဟု KCNA က ဖော်ပြသည်။ 

F-01