News

POST TYPE

NEWS

YBS စနစ်သစ်ဖြင့် မောင်းနှင်နိုင်ရန် ယာဉ်မောင်း ၅၅၀၀ ကျော်ကို အထူးသင်တန်းပေးမည်
16-Dec-2019
 ရန်ကုန်၊ဒီဇင်ဘာ ၁၆
 
YBS စနစ်သစ်ဖြင့် မောင်းနှင်နိုင်ရန် ယာဉ်မောင်း ၅၅၀၀ကျော်ကို ဒီဇင်ဘာလအတွင်း အထူး သင်တန်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

အဆိုပါ YBS ယာဉ်လိုင်းများအနေဖြင့် စည်းကမ်းဖောက်ဖျက်မှုများ လျော့ကျစေရန် ယာဉ်မောင်းအဟောင်းများကို စနစ်သစ်ဖြင့် စည်းကမ်းတကျ မောင်းနှင်နိုင်ရန်အတွက် အထူးသင်တန်းပေးရခြင်းဖြစ်ကြောင်း (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

“YBS ယာဉ်မောင်းတွေအနေနဲ့ ခရီးသည်အန္တရာယ်ကင်းနိုင်အောင် မှတ်တိုင်ရပ်တာကအစ စနစ်တကျဖြစ်ဖို့ လိုတယ်။(ခ)လိုင်စင် သုံးနှစ်အထက်ရှိတဲ့ ယာဉ်မောင်းတွေကို သင်ကြားပေးတဲ့ အထူးယာဉ်မောင်းသင်တန်းဆင်းက အဲဒီလိုမောင်းနိုင်တယ်။နဂိုယာဉ်မောင်းအဟောင်းတွေကိုလဲ အဲဒီလို စနစ်တကျမောင်းနှင်ဖို့ အထူး သင်တန်းပေးတာပါ”ဟု ၎င်းကဆိုသည်။
YBS ယာဉ်မောင်း ၅၅၀၀ ကျော်ကို ဒီဇင်ဘာလအတွင်းမှစတင်ကာ အထူးသင်တန်းပေးမည်ဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် ယာဉ်မောင်းအယောက် ၁၂၀စီ သင်တန်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်များပေါ်တွင် ယာဉ်မောင်းများ စည်းကမ်းချိုးဖောက်ခြင်းအပါအဝင် ယာဉ်ပေါ်တွင် အရေးပေါ်ကြုံတွေ့နိုင်သော အခြေအနေအမျိုးမျိုးကို GPS မှတစ်ဆင့် Bus Operator နှင့်ချိတ်ဆက်ပြီး တိုက်ရိုက်ပြောကြား ထိန်းချုပ်နိုင်သောTelematics စနစ်တပ်ဆင်ကာ စမတ်ကတ်ထုတ်ပေးထားသည့် ယဉ်မောင်း ၇၃၀၀ ကျော်၏ မှတ်တမ်းများကို စတင်စမ်းသပ်စောင့်ကြည့်နေပြီဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ယခုလက်ရှိတွင် YBS ယာဉ်လိုင်း ၁၀၀မှ လမ်းကြောင်းပေါင်း ၁၀၀ကျော်ပြေးဆွဲပေးလျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်အစီးရေ ၆၃၀၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။
 
(J - 10)



  • VIA