POST TYPE
NEWS
တနင်္သာရီတိုင်းတွင် ဟိုတယ်လိုင်စင်ရှိက ယစ်မျိုးလိုင်စင် ချပေးမည်
16-Dec-2019
ထား၀ယ်၊ ဒီဇင်ဘာ ၁၆
လိုင်စင်ရှိသည့် ဟိုတယ်များကို ယစ်မျိုးလိုင်စင် ချပေးတောမည်ဖြစ်ကြောင်း ထား၀ယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ခွင့်ပြုထားသည့် ဟိုတယ်လိုင်စင်ရှိသူများ လာလျှောက်နိုင်ပြီး ၎င်းမှတစ်ဆင့် ထွေ/အုပ်ရုံးချုပ်ကို ဆက်လက်တင်ပြမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။
ယခင်က ယစ်မျိုးလိုင်စင် အသစ်များကို ခွင့့်ပြုပေးခြင်းမရှိသည့်အတွက် အရက်၊ ဘီယာရောင်းချလိုပါက ယစ်မျိုးလိုင်စင်ကို ပြင်ပတွင် သိန်းရာချီပေးကာ ၀ယ်ယူနေရသည်။
“အခုက ဟိုတယ်လိုင်စင်ရှိတဲ့သူတွေ လျှောက်ထားနိုင်ပြီ၊ ရုံးချုပ်က ခွင့်ပြုချက်ချပေးမယ်၊ ဒါပေမယ့် ဟိုတယ်လိုင်စင်တော့ ဖြစ်ရမယ်”ဟု ဦးအောင်စိုးမိုးက ပြောသည်။
စည်ပင်သာယာရေးအဖွဲ့လိုင်စင်ဖြင့် ဖွင့်ထားသည့် တည်းခိုခန်းလိုင်စင်ကိုမူ ယစ်မျိုးလိုင်စင်ချပေးမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၉ခုနှစ် သြဂုတ်လအထိ စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဟိုတယ် ၃၁ လုံးရှိကြောင်း တိုင်းဒေသကြီး ဟိုတယ်/ခရီးဌာန ထံမှ သိရသည်။
ယစ်မျိုးလိုင်စင်ကို ပြင်ပတွင် ၀ယ်ယူပါက စျေးနှုန်းကြီးမြင့်နေသည့်အတွက် ယင်းကဲ့သို့ ချထားပေးမည်ဆိုပါက အဆင်ပြေနိုင် မည်ဖြစ်ကြောင်း ထား၀ယ်မြို့ပေါ်ရှိ ဟိုတယ်လိုင်စင်လျှောက်ထားသူတစ်ဦးက ဆိုသည်။
သို့ရာတွင် စက်မှုမြေငှားဂရန်ရှိမှသာ ဟိုတယ်လိုင်စင်ထုတ်ပေးနေသည့်အတွက် ဟိုတယ်အသစ်ဖွင့်သူများအနေဖြင့် အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
ယင်းကြောင့် အများစုမှာ တည်းခိုခန်းအဖြစ်သာ ဖွင့်လှစ်ရလေ့ရှိသည်။
“ယစ်မျိုးလိုင်စင်ကို အပြင်မှာ၀ယ်မယ်ဆိုလည်း ၀ယ်လို့မနိုင်၊(စက်မှုမြေငှားဂရန်) လျှောက်ထားတာကလည်း ခုချိန်ထိ မရသေးဘူး”ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
လက်ရှိအသစ်ချထားမည့် ယစ်မျိုးလိုင်စင်မှာ ဟိုတယ်လုပ်ငန်းနှင့် ကိုက်ညီသည့် လိုင်စင်ချပေးမည်ဖြစ်ပြီး ခရိုင်အတွင်း ယစ်မျိုးလိုင်စင် ၂၄၈ ခုကို ခွင့်ပြုထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
Dawei Watch
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021
-
23-Jan-2021