News

POST TYPE

NEWS

ဖမ်းမိသည့် ဘင်္ဂါလီ ၈ ဦးကို အရေးယူနိုင်ရန် မြို့နယ်လဝကယက တရားရုံးတွင် ဦးတိုက်လျှောက်ထားမည်
15-Dec-2019

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံတို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် မည်သည့်အထောက်အထား မှတ်ပုံတင် တစ်စုံတရာမရှိဘဲ မော်လမြိုင်သို့ ရောက်ရှိလာသည့် ဘင်္ဂါလီ ၈ ဦးကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက မော်လမြိုင်မြို့နယ်တရားရုံးတွင် အရေးယူနိုင်ရန် ဦးတိုက်လျှောက်ထားမည်ဖြစ်ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ တရားရုံးမှာဦးတိုက်လျှောက်မယ်၊ ဒီကိစ္စက ရဲအရေးမပိုင်ဘူး။ ဒါကြောင့် တရားရုံးကို တိုက်ရိုက်ဦးတိုက်လျှောက်ပြီး တရားစွဲမှာ။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေနဲ့စွဲမှာ။ အဓိပ္ပာယ်ကတော့ သူတို့လက်ထဲမှာ မှတ်ပုံတင်မရှိဘူးပေါ့။ ၈ ယောက်လုံးမရှိဘူး” ဟု ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပြောဆိုသည်။

ဖမ်းမိသည့် ဘင်္ဂါလီ ၈ ဦးတို့မှာ မူဟာမောဒ်အယုပ် (ခ) ကိုကိုနိုင် အသက် (၂၀) ၊ ဂော်လာလောဒိန်း အသက် (၁၆)နှစ်၊ ဂျာမောလ်ဟူဆေန် (ခ)ရွှေလှ အသက် (၁၇) နှစ်၊ ဆာဒဲက်ဟူဆာန် အသက် (၁၂) နှစ်၊ မာမက်စက်ဘယ် (ခ) ကျော်သိန်း အသက် (၁၈) နှစ်၊ ကော်ဘိရ်ရာမောဒ် အသက် (၁၆) နှစ်၊ ဟူဆမ်း (ခ) အောင်နိုင်စိုး အသက် (၁၅) နှစ်နှင့် မူဟာမောဒ်ရော်ဟိမ်း အသက် (၁၅) နှစ်တို့ဖြစ်ကြောင်း၊ ၎င်းတို့ ၈ ဦးတွင် တစ်ဦးမျှ နိုင်ငံသားစိစစ်ရေးကပ်ပြား (မှတ်ပုံတင်) မရှိကြောင်း၊ ထို ၈ ဦးကို ကျော်ကျော် (ခ) ကျော်ဝင်းအောင် အသက် (၄၄) နှစ် အိမ်သို့ရောက်ရှိပြီး ၎င်းမှတစ်ဆင့် ကိုတင်ထွန်းမင်း အသက် (၃၄) နှစ် နောင်ခရီရပ်ကွက်နေအိမ်သို့ ပို့ဆောင်ခဲ့ပြီး ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုဖမ်းဆီးရမိသည့် ဘင်္ဂါလီ ၈ ဦးကို မော်လမြိုင်မြို့နယ်တရားရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒုလဝကမှူး ဦးမင်းဇာနည်ဦးက တရားလိုပြု၍ မုပွန်နယ်မြေရဲစခန်း (ပ)၃၀၄၇။၂၀၁၉၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း နေထိုငူ်များ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ-၆(၂)/၆(၃) တို့ဖြစ် တရားရုံးတွင် ဦးတိုက်လျှောက်ထားမည်ဖြစ်ကြောင်းနှင့် ကယ်ရီဖြစ်သူ နှစ်ဦးကိုမူ မုပွန်ရဲစခန်း (ပ) ၃၀၄၈/၂၀၁၉ ပြည်ပအလုပ်အကိုင် ဥပဒေုဒ်မ -၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

“ကျွန်တော်တို့က နယ်မြေသတင်းစုံစမ်းရေးနဲ့ အုပ်ချုပ်ရေးမှူးကနေ သတင်းပို့တယ်။ သတင်းရတဲ့အတွက် ကျွန်တော်တို့ သွားပြီးစစ်ဆေးတယ်။ စစ်ဆေးတော့ တွေ့ရတယ်။ ရခိုင်ပြည်နယ် ကျောက်တော်ကပါတယ်၊ စစ်တွေကပါတယ်။ မလေးရှားသွားမယ်လို့တော့ သူတို့ပြောတယ်။ လောလောဆယ်တော့ စခန်းမှာ ထိန်းသိမ်းထားတယ်” ဟု မုပွန်ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်နိုင်ဦးက ပြောဆိုသည်။

၎င်းတို့အား စစ်မေးခဲ့ရာတွင် မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျောက်တော်မြို့နယ် ဇီးရွာနေ ကိုမောင်ရွှေမှ တစ်ဦးလျှင် ငွေကျပ် ၅၅ သိန်းဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်အတွက် လက်ရှိတွင် တစ်ဦးလျှင် ငွေကျပ် ၄၅ သိန်း ပေးဆောင်ထားကြောင်း၊ မလေးရှားနိုင်ငံသို့ သွားနိုင်ရန် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ စက်တပ်လှေဖြင့် အမ်းမြို့သို့၊ ထိုမှတစ်ဆင့် ဆိုင်ကယ်ဖြင့် ပဒန်းရွာကို ရောက်ရှိပြီး ပဒန်းရွာမှ ရန်ကုန်သို့ မော်တော်ယာဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်မှ မော်လမြိုင်သို့ မော်တော်ယာဉ်ဖြင့်လည်းကောက် ရောက်ရှိလာကြကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယခု ၂၀၁၉ ခုနှစ်တွင် မွန်ပြည်နယ်အတွင်း မည်သည့်အထောက်အထားမျှမရှိဘဲ ဖမ်းဆီးရမိသည့် အလားတူ ဖြစ်စဉ်များလည်းရှိကြောင်း၊ ယခုတစ်ကြိမ်အပါအဝင် စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ခတ္တာနွန်



  • VIA