News

POST TYPE

NEWS

နိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကစားမှုထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်
15-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံအတွင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်မှ ဈေးကစားမှုများကို ထိန်းချုပ်ရန် အကျိုးဆောင်ဥပဒေလိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံဖြိုးတိုးတက်ရေးအသင်း ဗဟိုအလုပ်မှုဆောင် ဥက္ကဋ္ဌ ဦးတင်မောင်က ပြောကြားသည်။

“အကျိုးဆောင်ဥပဒေက တကယ်တမ်းကျတော့ အကျိုးဆောင်တွေအတွက် လိုအပ်တာမဟုတ်ဘူး။ နိုင်ငံမှာ မြေကစားတဲ့သူက ငွေကြေးတတ်နိုင်သူတွေ လုပ်ကြတာများသလို နိုင်ငံခြားသားတွေက နိုင်ငံသားတွေနဲ့ ဆက်နွှယ်ပြီး လာကစားတာမျိုးတွေရှိတယ်။ ဒါတွေကို အကျိုးဆောင်ကတစ်ဆင့် သွားတာဖြစ်လို့ လိုင်စင်ကတစ်ဆင့်ထိန်းချုပ်လို့ရမယ်။ လယ်ယာမြေနဲ့ အကျိုးဆောင်ဥပဒေက မြေယာဈေးထိန်းချုပ်ဖို့ အရေးကြီးဆုံးပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် အကျိုးဆောင်များအနေဖြင့် ပုံမှန်လည်ပတ်လျက်ရှိပြီး အဆိုပါဥပဒေအတည်ပြုနိုင်ပါက ဝယ်ယူသူများအတွက် အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် အကျိုးဆောင်များကို အရေးယူနိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

အဆိုပါအကျိုးဆောင်ဥပဒေထွက်ရှိရန် အကျိုးဆောင်အသင်းများက၂၀၁၇ ခုနှစ်မှစတင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရေးဆွဲလျက်ရှိပြီး လက်ရှိတွင် ပြည်သူလွှတ်တော်တင်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

“အကျိုးဆောင်ဥပဒေပေါ်လာရင် အခုထက်အကျိုးဆောင်တွေကို ယုံကြည်မှုတိုးလာမယ်။ တစ်ခုခုရောင်းမှားဝယ်မှားဖြစ်ရင် တာဝန်ယူနိုင်မယ်” ဟု သုခစံရာအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ရွှေဝါသွင်က ပြောကြားသည်။

အကျိုးဆောင်ဥပဒေထွက်ရှိပြီးပါက သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များမှ အကျိုးဆောင်များကို တစ်လအတွင်း အကျိုးဆောင်လိုင်စင်များ ထုတ်ပေးသွားမည်ဖြစ်ပြီး လက်ရှိသင်တန်းပေးနေသည့် အကျိုးဆောင်သင်တန်းများကို အဆင့်မြှင့်တင်မည့် မွမ်းမံသင်တန်းများပေးကာ တရားမဝင် မြေဈေးကစားမှုများ ကာကွယ်နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဖွံဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်



  • VIA