News

POST TYPE

NEWS

ဖျာပုံဒေသ ကျားဖောင်လုပ်သားများတွင် ဗီတာမင် B1 ချို့တဲ့မှုကြောင့် ၁ နှစ်အတွင်း ၃၅ ဦး သေဆုံး
15-Dec-2019
ပုသိမ်၊ ဒီဇင်ဘာ ၁၄

ရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ မြို့နယ်အတွင်းရှိ ပင်လယ်ပြင် ကျားဖောင်လုပ်ငန်းများမှ လုပ်သားများတွင် ဗီတာမင် B1 ဓာတ်ချို့တဲ့မှုကြောင့် ၁ နှစ်အတွင်း ၃၅ ဦး သေဆုံးခဲ့ကြောင်း ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းတိုက်နယ်ဆေးရုံမှ သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလပထမပတ်အတွင်း ယင်းလုပ်ငန်းခွင်များမှ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၈၀ ဦးရှိခဲ့သည့်အနက် ဗီတာမင် B1 ဓာတ်ချို့တဲ့မှုကြောင့် သေဆုံးသူ ၃၅ ဦး ပါဝင်ခြင်းဖြစ်သည်။

ယင်းလုပ်ငန်းခွင်မှ လုပ်သားအများစု မှာ အရက်အလွန်အကျွံ သောက်သုံးသည့်အတွက် ပင်လယ်ပြင်တွင် အလုပ်မလုပ်ခင်ကပင် ဗီတာမင် B1 ဓာတ်ချို့တဲ့နေခဲ့ကြောင်း၊ ပင်လယ်ပြင် လုပ်ငန်းခွင်အတွင်း ရောက်သည့်အခါတွင်လည်း အသီးအရွက် စားသုံးမှုနည်းပါးခြင်းနှင့် ပင်လယ်ငါး၊ ပုစွန်စားသုံးမှု များပြားလာခြင်းကြောင့် ဗီတာမင် B1 ဓာတ် ပိုမိုချို့တဲ့လာကြောင်း ဒေါ်ငြိမ်းတိုက်နယ် ဆေးရုံအုပ် ဒေါက်တာမင်းဉာဏ်ပိုင်အောင်က ပြောကြားသည်။

“ဖမ်းလို့ရတဲ့ ပင်လယ်ငါး၊ ပုစွန်က B1 လုံးဝမပါဘူး၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တို့ဆို ပိုဆိုးတယ်၊ သူတို့မှာ B1 ကို ချေဖျက်တဲ့ အင်ဇိုင်းတစ်မျိုးပါတယ်။ B1 ဓာတ်ပါတဲ့ အစာနဲ့ တွဲစားရင်တောင် B1 ဓာတ်ကို ချေဖျက်ပစ်လိုက် ရော” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆရာဝန်များပြောသည့် B1 ဓာတ်ပါရှိသော အသီးအရွက်၊ ပဲနှင့် အသားများမှာ ပင်လယ်ပြင်ရှိ ကျားဖောင်များတွင် ကြာရှည်သိမ်းဆည်းစားသောက် မရနိုင်ကြောင်း၊ အလုပ်ပင်ပန်းမှုနှင့် ရာသီဥတုဒဏ်ခံနိုင်ရန်အတွက် အရက်နှင့် ပင်လယ်ငါးကို အမြည်းလုပ်၍ စားကြရသည်ကများကြောင်း ပုသိမ်မြို့မှ ဖျာပုံ ဒေသသို့ ကျားဖောင်လုပ်သားအဖြစ်သွား ရောက်လုပ်ကိုင်ခဲ့ဖူးသူ ဦးတင်မောင်ချစ်က ဆိုသည်။

“ပင်လယ်ထဲ လချီကြာ အလုပ်လုပ်ကြတာဆိုတော့ ပင်လယ်မှာ ညဆိုအေး၊ နေ့ဆို ပူပြင်းတယ်လေ၊ ကြာလာတော့ အိမ်သတိရတာရော အန္တရာယ်များတဲ့ လုပ်ငန်းဆိုတာ သိလာတာကြောင့် စိတ်ပြေရာပြေကြောင်းဆိုပြီး သောက်ကြရာက အရက်စွဲသွားသူတွေလည်းရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၁၇ ခုနှစ်ကပင် ယင်းဒေသ ကျားဖောင်လုပ်သားများ ဗီတာမင် B1 ချို့တဲ့မှုကြောင့် ဖောရောင်သေဆုံးသူ များပြားခဲ့သဖြင့် ကျန်းမာရေးဌာန ညွှန်ကြားချက်အရ B1 ဆေးများနှင့် ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးများကို လုပ်ငန်းခွင်ရှိရာသို့ ပို့ဆောင်ပေးသည့်အပြင် မဖြစ်မနေ သောက်သုံးရန်အတွက် တိုက်တွန်းစီမံပေးထားကြောင်း ဖျာပုံဒေသကျားဖောင်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ဧရာဝတီတိုင်း ပင်လယ်ပြင်၌ ကျားဖောင်ဖြင့် ငါး၊ ပုစွန် ဖမ်းဆီးသည့် လုပ်ငန်းကို ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ ငပုတော စသည့်မြို့နယ်များတွင် ရှိသော်လည်း ဖျာပုံမြို့နယ်ရှိ ဒေါ်ငြိမ်း၊ နောက်မီး၊ ဒေးဒလူ၊ ဘုန်းကြီးသောင်၊ ချောင်းဝနှင့် ခါးပြတ်ကျေးရွာတို့တွင် ဒေသခံရေ လုပ်သားများအပြင် မြန်မာပြည်ဒေသ အသီးသီးမှ ရွှေ့ပြောင်းလုပ်သား ထောင်ချီ၍ လာရောက်လုပ်ကိုင်နေကြောင်း ယင်းဒေသ အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

မောင်မျိုးထက်(ပုသိမ်)