News

POST TYPE

NEWS

ICJ ကြားနာမှု တတိယနေ့အဖြစ် ဂမ်ဘီယာနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့များဒုတိယအကြိမ် လျှောက်လဲချက်ပေး
12-Dec-2019


သည်ဟိဂ်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံက ရိုဟင်ဂျာများအပေါ် (မူရင်း အသုံး) လူမျိုးဖြုတ်သတ်ဖြတ်မှုများ ပြုလုပ်သည်ဆိုကာ ဂမ်ဘီယာ၏ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ် လျှောက်လဲချက်ပေးခဲ့ကြသည်။

ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့က ဗွေဆော်ဦး လျှောက်ထားခဲ့ပြီး ဒုတိယနေ့ မြန်မာအဖွဲ့ ထွက်ဆိုမှုများကို တန်ပြန်ထောက်ပြမှုများ ပြုလုပ်ခဲ့သည်။ 

မြန်မာအဖွဲ့က ပြန်လည်လျှောက်လဲမှုသည် ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ညဉ့်သန်းခေါင်မှ ပြီးစီးမည်ဖြစ်ရာ အချိန်ကို ငဲ့ကွက်၍ ယခုသတင်းတွင် မပါနိုင်တော့ဘဲ The Voice သတင်းစာ၏ လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါမည်။

မြန်မာနှင့် ဂမ်ဘီယာသည် တိုက်ရိုက် ပဋိပက္ခမရှိဘဲ ယခုအရေးကိစ္စအပေါ် တိုင်ကြားချက်များသည် OIC အထောက်အပံ့ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာဘက်က ဒုတိယနေ့တွင် လျှောက်လဲခဲ့သည်။

ဂမ်ဘီယာနိုင်ငံသည် မျိုးတုံးသတ်ဖြတ်ခြင်းတားဆီးရေး ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်ကြောင်း၊ မြန်မာသည်လည်း ထိုနည်းတူ လက်မှတ်ရေးထိုးထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံအနေနှင့် စာချုပ်ပါ အချက်များကို လိုက်နာရေးသည် ဂမ်ဘီယာ၏ ဥပဒေကြောင်းအရ လိုလားချက်ဖြစ်ကြောင်း ဂမ်ဘီယာရှေ့နေအဖွဲ့က တုံ့ပြန်ပြောကြားခဲ့သည်။

ARSA ရှင်းလင်းရေး စစ်ဆင်ရေး ပြုလုပ်စဉ် မီးရှို့မှုများ၊ လုယက်မှုများ ရှိနိုင်ကြောင်း၊ သို့သော် အဆိုပါဖြစ်ရပ်သည် စစ်ရာဇဝတ်မှုသာဖြစ်ပြီး တပ်မတော်က စစ်ခုံရုံးဖြင့် စစ်ဆေးအရေးယူနေကြောင်း၊ မြန်မာပြည်က လူမျိုးတုံးမျိုးဖြုတ် စစ်ဆင်ရေး Genocide လုပ်ခဲ့ခြင်းမျိုး မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လျှောက်လဲချက် ပထမဆုံးပေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“မြန်မာသည် Genocide မလုပ်ရန် တာဝန်ရှိရုံသာမက၊ မဖြစ်ရန် အကာအကွယ်များ ပြုလုပ်ဖို့ တားဆီးဖို့ တာဝန်ရှိကြောင်း” ဂမ်ဘီယာဘက်က လျှောက်လဲသူ ပါမောက္ခဖိလစ်ပီဆန်းစ်က တတိယနေ့တွင် ပြန်လည်တုံ့ပြန်ပြောကြားသည်။ 

မြန်မာဘက်က လျှောက်လဲချက်တင်ခဲ့သူ ပါမောက္ခရှာဘက်စ်သည် အင်တာဗျူးတစ်ခု၌ ရိုဟင်ဂျာများကို ကလေးမွေးခြင်း ကန့်သတ်မှု၊ လူမျိုးကို လက်မခံခြင်း၊ နှင်ထုတ်ခြင်းတို့ကို လုပ်ဆောင်ခြင်းသည် Genocide ဟု ခေါ်ဆိုနိုင်မည့် လက္ခဏာများဟု ပြောခဲ့ဖူးကြောင်း ဂမ်ဘီယာဘက်က ရှေ့နေက ထောက်ပြခဲ့သည်။ 

လူမျိုးဖြုတ်သတ်ခြင်း Genocide လုပ်ရာတွင် လူမည်မျှ သေဆုံးသည်ထက် မည်သို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဆိုသည့် အချက်က အဆုံးအဖြတ်ပေးကြောင်း ဂမ်ဘီယာအဖွဲ့က ဆိုသည်။ 

F-02