News

POST TYPE

NEWS

အခွန်နှုန်းလျှော့ချပါက အခွန်ရှောင်မှုနည်းမည်ဟု မိုးကုတ်ကျောက်မျက်လုပ်ငန်းရှင်များပြော
12-Dec-2019


မန္တလေး၊ ဒီဇင်ဘာ ၁၂

မြန်မာ့ကျောက်မျက်ကျောက်စိမ်း တူးဖော်ရောင်းဝယ်ရေးလုပ်ငန်းတွင် အခွန်စနစ်ကို သုတေသနစစ်တမ်းလုပ်စေလိုပြီး အခွန်ကောက်ခံမှုနှုန်းထားများ လျှော့ချပါက အခွန်ရှောင်မှုနည်းနိုင်မည်ဖြစ်ကြောင်း မိုးကုတ်မြို့ ကျောက်မျက်လုပ်ငန်းရှင်အချို့က ပြောကြားသည်။

“အခွန်ရှောင်တာမျိုးမရှိအောင် အခွန်ကိုမျှမျှတတ ဆောင်ရွက်ပေးစေချင်တယ်။ လုပ်ငန်းရှင်တွေ လုပ်ငန်းလုပ်နိုင်အောင် အခွန်လျှော့ပေါ့စေချင်တယ်။ ရိုးရိုးသားသားလုပ်နေတဲ့ကုမ္ပဏီတွေကို မြေတောင်မြှောက်ပေးသင့်တယ်” ဟု ရူဘီဒရက်ဂွန် ကျောက်မျက်ကုမ္ပဏီလီမီတက် ဒါရိုက်တာအဖွဲ့ဝင် ဦးထွန်းဝင်းက ပြောကြားသည်။

လုပ်ငန်းရှင်များအခွန်မရှောင်ဘဲ အခွန်ဆောင်နိုင်ရန်အတွက် ဥပဒေလျှော့ပေးပြီး အခွန်မျှမျှတတ ဆောင်စေလိုကာ ကုမ္ပဏီများအနေဖြင့် တွင်းဝခွန်အပြင် အခြားအခွန်များလည်း ပေးဆောင်နေရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သုတေသနလုပ်ပါက ကုမ္ပဏီများလုပ်ငန်းလုပ်နိုင် မလုပ်နိုင် သိလာနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ လုပ်လာနိုင်လျှင် အခွန်ရှောင်စရာမလိုဘဲ ပျော်ပျော်ကြီးဆောင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကျောက်မျက်ကဏ္ဍကနေ အခွန်လျှော့သင့်တယ်။ လုပ်ငန်းရှင်တွေဖက်ကကြည့်ရင် တစ်ဝက်လောက်က အခွန်ဆောင်နေရတယ်။ အခွန်များတဲ့အတွက် အခွန်ရှောင်တာတွေရှိတယ်။ တွင်းဝခွန်ကို ၅ ရာခိုင်နှုန်းသာ ကောက်သင့်တယ်။ ဒါဆို ကျောက်မျက်တူးဖော်ရောင်းဝယ်မှုကနေ အခွန်ပိုရလာနိုင်တယ်” ဟု ကျောက်မျက်ဥပဒေ အကြံပြုကော်မတီဝင် ဦးစိုးမြင့်က ပြောကြားသည်။

“ပြည်သူပိုင်မသိမ်းခင်က မိုးကုတ်သူဌေးတွေဟာ ဥရောပကျောက်မျက်ရတနာဈေးကွက်မှာ ဈေးကွက်ဖော်ဆောင်ခဲ့ကြတယ်။ ကမ္ဘာ့ဈေးကွက်က ပြည်တွင်းမှာဖြစ်လာစေချင်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရာတွင် တွင်းဝခွန် ၁၀ ရာခိုင်နှုန်းပေးရကြောင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များထံမှ သိရသည်။

M-01