News

POST TYPE

NEWS

ရန်ကုန်မိုးပျံလမ်းစီမံကိန်း တည်ဆောက်ခွင့်ရရှိမည့် ကုမ္ပဏီစာရင်း ၄ လအတွင်း ကြေညာမည်
12-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီကို ၂၀၂၀ ဧပြီလနောက်ဆုံးပတ်အတွင်း တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ ဒီလိုစီမံကိန်းက ပထမဆုံးစလုပ်တာဖြစ်လို့ ကြန့်ကြာမှုတွေရှိတယ်။ နောက်ပိုင်း အပိုင်းတွေကျရင်တော့ ပိုမြန်ဆန်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း ၁ အတွက် မြန်မာအပါအဝင် ခုနစ်နိုင်ငံမှ ဆန်ခါတင်လျှောက်လွှာ ၁၂ စောင်ရရှိခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားခဲ့ပြီး လက်ရှိတွင် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီ ၁၀ ခုမှ ပြင်သစ်ကုမ္ပဏီ VINCI Highways ကုမ္ပဏီအနေဖြင့် လာရောက်ခြင်းမရှိဘဲ Request For Proposal (RFP) မတင်တော့ကြောင်း အတည်ပြုမှသာ ယှဉ်ပြိုင်ခြင်းမရှိတော့ဟု ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
လျှောက်လွှာ ၁၂ စောင်မှ အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုစာရင်းကို ၂၀၁၈ ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့ပြီး ကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက်စပ် ကုမ္ပဏီ၊ မြန်မာဖက်စပ်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီငါးခု ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီးမိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း ၁ အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စီမံကိန်းလုပ်ငန်းကိုလာမည့် ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၂၅ ခုနှစ်အထိ ၅ နှစ်စီမံကိန်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၂၀ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြည့်ဖြိုးမြင့်မွန်