News

POST TYPE

NEWS

ပုသိမ်တွင် အနွေးထည်လိုအပ်နေသူများကို အနွေးထည်လှူဒါန်း
12-Dec-2019


ပုသိမ်၊ ဒီဇင်ဘာ ၁၁

ပုသိမ်မြို့တွင် ရာသီဥတုအအေးဒဏ်ခံနိုင်ရန်အတွက် “လိုတဲ့သူယူ၊ ပိုတဲ့သူလှူ”အစီအစဉ်ကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ရက်ညက စတင်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဧရာဝတီတိုင်းဒေသကြီး)ထံမှ သိရသည်။

ဒီဇင်ဘာလ ပထမအပတ်မှစတင်ကာ ရာသီဥတု ပိုမိုအေးလာသည့်အတွက် ပိုလျှံနေသော သူများ၏ လှူဒါန်းမှုကိုရယူ၍ လိုအပ်သူများထံအရောက်လှူဒါန်းသည့်အစီအစဉ်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူ ဦးဇော်လင်းထွန်းက ဆိုသည်။

“ခုလိုအအေးပိုလွန်ကဲနေတဲ့အချိန်မှာ လက်လုပ်လက်စား အိမ်ခြေယာမဲ့လမ်းဘေးအိပ်နေရသူတွေအတွက် တတ်နိုင်သလောက် နွေးထွေးမှုလေးရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခုလို့စီစဉ်ဖြစ်တာပါ”ဟု ၎င်းက ဆက်ပြောသည်။

ယင်းအစီအစဉ်အရ ပုသိမ်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ် ၄ ၊ ၅၊ ၆၊ ၁၄ ရပ်ကွက်များရှိ လိုအပ်သူများထံသို့ စောင်၊ ခေါင်းအုန်း၊ အနွေးထည်လှူပေးနိုင်ခဲ့ကြောင်း သိရသည်။

အလှူရှင်များအနေဖြင့် ပိုလျှံနေသည့် စောင်၊ ခေါင်းအုန်း၊ အနွေးထည်နှင့် အခြားသောပစ္စည်းများကို လှူဒါန်းလိုပါက ပုသိမ်မြို့၊ တဂေါင်းဘုရားအနီး အဘယသီဝံရွှေကျင်တိုက်သစ်ကျောင်းသို့ လာရောက်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဆောင်းရာသီ၌ ပိုတဲ့သူများ၏လှူဒါန်းမှုရယူ၍ လိုအပ်သူများထံရောက်အောင် လှူဒါန်းသည့် အစီအစဉ်ကို စတင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

R-12