News

POST TYPE

NEWS

နေအိမ်အနီး အသတ်ခံခဲ့ရသည့် မိန်းကလေးအမှု ကျူးလွန်သူကို ဖမ်းမမိသေး
11-Dec-2019


ကလေး၊ ဒီဇင်ဘာ ၁၁

ဖောင်းပြင်မြို့နယ် ကုန်းကြီးရွာတွင် ကိုင်းတောအတွင်းအသတ်ခံခဲ့ရသည့် ခြောက်နှစ်အရွယ်မိန်းကလေးအမှုမှ ကျူးလွန်သူကို ၁၅ ရက်ကျော်ကြာလာသော်လည်း ဖမ်းဆီးရမိသေးခြင်းမရှိသေးကြောင်း ဖောင်းပြင်မြို့မ ရဲစခန်းထံမှ သိရသည်။

ကုန်းကြီးကျေးရွာနေ (၆)နှစ်အရွယ်မိန်းကလေးသည် နိုဝင်ဘာလ ၁၈ ရက်တွင် နေအိမ်မှ ပျောက်သွားခဲ့ရာ ၇ ရက်အကြာ နိုဝင်ဘာ ၂၄ရက်တွင် ၎င်းနေထိုင်သည့်နေအိမ်မှ ကိုက် ၁၅၀ ခန့်အကွာရှိ ကိုင်းတောအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသည့် မိန်းကလေး၏ ရုပ်အလောင်းကိုတွေ့ရှိချိန်တွင် ၎င်း၏ပါးစပ်ကို အဝတ်ဖြင့် ဆို့ထားလျက် ဘောင်းဘီမရှိတော့ဘဲ ခြေကားယား လက်ကားယားဖြင့် ပက်လက်သေဆုံးနေသည့်ဟန်ဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် ယင်းအမှုကို မူလက လူပျောက်မှုဖြင့် ရဲစခန်းတွင်အမှုဖွင့်ထားရာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပြီးနောက် ကျူးလွန်သူကို အလောင်းတွေ့သည့်နေမှစ၍ ယနေ့ ၁၈ ရက်ကြာသည်အထိ ဖမ်းမိခြင်းမရှိသေးပေ။ 

ဖောင်းပြင်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထွန်းနိုင်ဦးက “စုံစမ်းစစ်ဆေးဆဲပဲ ရှိသေးတာဗျ” ဟု ပြောကြားသည်။

အသတ်ခံခဲ့ရသူ မိန်းကလေးသည် နိုဝင်ဘာလ ၁၈ ရက်မိဘများတောထဲ အလုပ်သွားလုပ်စဉ် ၎င်းနှင့်ရွယ်တူ သူငယ်ချင်းများနှင့် ရွာ၏ အနောက်မြောက်ဖက်ရှိ စမ်းချောင်းသို့ သွားရောက် ရေချိုးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

ယင်းနောက် ရွာရှိဘုရားစေတီဝင်းအတွင်း တစ်ဦးတည်း ဆော့ကစားရာမှ လူများသတိမထားမိတော့ဘဲ ညနေမိဘများ အလုပ်ပြန်လာချိန်မှ သမီးဖြစ်သူ ပျောက်ဆုံးနေကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း ဖောင်းပြင်မြို့မရဲစခန်းထံမှ သိရသည်။ 

(R - 20) ၊ ဓာတ်ပုံ - ဦးဆန်းဝင်း



  • VIA