News

POST TYPE

NEWS

ကျူးကျော်များအတွက် ယခုဘဏ္ဍာနှစ်အတွင်း နေအိမ်အလုံး နှစ်သောင်းမှ ငါးသောင်းအထိ ဆောက်လုပ်ပေးမည်
11-Dec-2019
 ရန်ကုန်၊ဒီဇင်ဘာ ၁၁
 
ကျူးကျော်များ နေထိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း ရွေပြည်သာမြို့နယ်အပြင် လှိုင်သာယာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်တွင် နေအိမ်အလုံးယူနစ် နှစ်သောင်းမှ ငါးသောင်းအထိ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးဦးသန်းက ပြောကြားသည်။
 
ယခုလက်ရှိ ရွှေပြည်သာမြို့နယ်တွင် ကျုးကျော်များအတွက် နေအိမ်အလုံး ယူနစ်၂၀၀ကျော် ဆောက် လုပ်နေပြီး ယင်းအိမ်များ ပြီးစီးပါက ကျန်ရှိသည့် လှိုင်သာယာမြို့နယ်တွင် ဒဂုံမြို့သစ်လေးမြို့နယ်တွင် ဆောက်လုပ်ပေးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
 
“ရွေပြည်သာကျုးကျော်အတွက် နေအိမ်ယူနစ် ၂၀၀ကျော် ဆောက်လုပ်တာပြီးတော့မယ်။ ရွေပြည်သာမြို့နယ်မှာ ဆောက်တာပြီးတာနဲ့ ဒီဘဏ္ဍာနှစ်အတွင်း အနည်းဆုံးယူနစ်နှစ်သောင်းကနေ ငါးသောင်းအထိ ပြီးအောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။ငါးသောင်းတော့ မပြီးလောက်ပေမယ့် ယူနစ်နှစ်သောင်းအထိ ပြီးစီးအောင်တော့ ဆောင်ရွက်သွားမယ်”ဟုဦးသန်းက ပြောကြားသည်။
 
ကျုးကျော်များနေထိုင်ရန်အတွက် ဆောင်ရွက်သည့် အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Pilot Project အနေဖြင့် ရွှေပြည်သာမြို့နယ်အတွင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှု အားနည်းချက်၊ အားသာချက်များမူတည်ပြီး ကျန်မြို့နယ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
 
ကျူးကျော်များအတွက် အိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြေအသုံးပြုခွင့်ပေးပြီး ယင်းအိမ်ရာစီမံကိန်းတွင် နေထိုင်မည့် ကျူးကျော်များအတွက် Micro Finance အသေးစားငွေချေးအဖွဲ့နှင့် ချိတ်ဆက်ပြီးတော့ ငွေချေးပေးကာ နေအိမ်တစ်အိမ်လျှင်ကျပ်သိန်း ၃၀ဖြင့် ငါးနှစ်အရစ်ကျဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ကျူးကျော်အများဆုံး နေထိုင်လျက်ရှိကာ လှိုင်သာယာမြို့နယ်တွင် လက်ရှိကောက်ယူထားသည့် စာရင်းအရ အိမ်ထောင်စုပေါင်း (၃၀၀၀၀)ကျော်ရှိပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်လျက်ရှိကြောင်း ကျူးကျော်စာရင်း ကောက်ယူရေး အဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်းကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ၂၀၁၈ခုနှစ်၊ ဇူလိုင်လတွင် ကောက်ယူမှုပြီးစီးခဲ့ကာ ကျူးကျော်များ နေထိုင်သည့် မြို့နယ် ၃၇ မြို့နယ်မှ အိမ်ထောင်စုတစ်သိန်းခြောက်သောင်းကျော်ကို စမစ်ကတ်ထုတ်ယူပေးခဲ့ကြောင်း ကျူးကျော်စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

(J - 10)


  • VIA