News

POST TYPE

NEWS

ပါရမီ မီးပွိုင့်အနီးတွင် ကျပ် ၅၃ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ဖမ်းမိ
11-Dec-2019

ဓာတ်ပုံ - ရဲတပ်ဖွဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပါရမီ မီးပွိုင့်အနီးတွင် ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ရပ်နားထားသော မော်တော်ယာဉ်တစ်စီးကို မသင်္ကာသဖြင့် စစ်ဆေးရှာဖွေရာမှ ကျပ် ၅၃ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဆေးခဲ့သည့် မော်တော်ယာဉ်မှာ Chevrolet အမျိုးအစားယာဉ်ဖြစ်ပြီး ယင်းယာဉ်မှာ ရပ်တန့်ထားကြောင်း သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရာဆာလာအိတ်အတွင်း ထည့်ထားသော အလေးချိန် ၆၆၆ ကီလိုရှိသည့် ICE မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

"မူးယစ်ဆေးဝါးတွေကို ကားအဆင့်ဆင့်ချိန်းပြောင်းပြီး သယ်ယူလာတာလို့ ယူဆရတယ်။ အခု ပိုင်ရှင်စီစစ်ဆဲ ဖမ်းမိတဲ့ယာဉ်ပေါ်မှာ မူးယစ်ဆေးဝါးတွေ ပြောင်းထားချိန် ယာဉ်မောင်းက သတင်းပေါက်ကြားသွားပြီ ယူဆလို့ ပစ္စည်းတွေထားခဲ့ပြီး တိမ်းရှောင်သွားတာလည်း ဖြစ်နိုင်တယ်။ လက်တလော ဖမ်းမိထားတဲ့ကားကို ကညနမှာ ပိုင်ရှင်ဘယ်သူဆိုတာ သိရဖို့ စိစစ်နေတုန်းပါ။ " ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးများ အလုံးအရင်းဖြင့် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိသည်။

S-03