News

POST TYPE

NEWS

နှစ်လအတွင်း ကားအစီး ၁,၈၀၀ ကျော် ဝင်ငွေခွန် စည်းကြပ်ခဲ့
09-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၈

ဝင်ငွေခွန်နှုန်းထား ဖြေလျှော့ပေးလိုက်သောကြောင့် နှစ်လအတွင်း ကားအစီး ၁,၈၀၀ ကျော် ဝင်ငွေခွန်စည်းကြပ်ခဲ့ပြီး ကုမ္ပဏီလိုင်စင်ဖြင့် အစီး ၄၇၀ ကျော် ပါဝင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

“ဒီနှစ် အောက်တိုဘာ ၁ ရက် ကစပြီး ကျပ်သိန်းတစ်ထောင်အောက် ကားတွေကို ၃ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံခဲ့ပါတယ်။ ဒါကြောင့် နှစ်လအတွင်းမှာ ဝင်ငွေခွန် လာရောက်ပေးဆောင်တဲ့ကား အစီး ၁,၈၀၀ ကျော်ရှိပြီး ဒီထဲမှာ ကုမ္ပဏီပါမစ်နဲ့ အစီး ၄၇၀ ကျော် ပါဝင်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှစ၍ ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များနှင့် ပြည်တွင်းထုတ်မော်တော်ယာဉ်များကို ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ ကောက်ခံခဲ့သည်။ 

ထိုသို့ ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ပေးလိုက်သဖြင့် ကားအသစ်များ ဝယ်လိုအား ပိုမြင့်တက်သွားပြီး အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာလကုန် အထိ တစ်ဦးချင်း အစီအစဉ်ဖြင့် ၁,၄၂၁ စီးနှင့် ကုမ္ပဏီပါမစ်ဖြင့် ၄၇၂ စီးအတွက် ဝင်ငွေခွန်ကောက်ခံရာ ကျပ် ၁,၆၁၇ ဒသမ ၄ သန်း ကျော်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေခွန်ကောက်ခံရာတွင် ကျပ်သိန်းတစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်း သုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ ကျပ်သိန်း သုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ကောက်ခံလျက်ရှိသည်။

ဆက်နိုင်