News

POST TYPE

NEWS

အိမ်ရှင်ဖိလစ်ပိုင်အသင်းကိုအနိုင်ယူကာ မြန်မာအမျိုးသမီးအသင်း တတိယရရှိ
09-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၈

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်အသင်း၏ ဦးဆောင်ခြင်းကို ခံခဲ့ရသော်လည်း အနိုင်ရရှိကာ တတိယကြေးတံဆိပ်ကိုရယူနိုင်ခဲ့သည်။

ဒီဇင်ဘာ ၈ ရက်ကယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့သည် အကြိတ်အနယ်ရှိခဲ့ပြီး ဖိလစ်ပိုင်အသင်းကပထမပိုင်းတွင် အသာစီးရယူနိုင်ကာ မြန်မာအသင်းကို ဖိအားပေးနိုင်ခဲ့သည်။

ပထမပိုင်းပွဲချိန်အတွင်း နှစ်သင်းစလုံး ဦးဆောင်ဂိုးခွင့်ပြုရမည့် အခြေ အနေကို စိုးရိမ်ခြင်းကြောင့် ကစားပုံကို ထိန်းခဲ့ပြီးပထမပိုင်းတွင် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်းက ပွဲချိန် ၆၀ ကျော်တွင် မြန်မာအသင်း နောက်တန်းလူကပ်ကစားပုံအားနည်းမှုမှတစ်ဆင့် ဖိလစ်ပိုင်အသင်းက အနီးကပ်ပိတ်သွင်းကာ ဦးဆောင်ဂိုးသွင်းယူခဲ့သည်။

ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး နောက်ပိုင်း မြန်မာအသင်း၏ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာပြီး ဖိလစ်ပိုင်အသင်းကို ပြန်လည်ဖိအားပေးနိုင်ခဲ့ကာ ပွဲချိန် ၇၆ မိနစ်တွင် ဂျူလိုင်ကျော်၏ ခေါင်းတိုက်သွင်းဂိုးဖြင့် မြန်မာအသင်း ချေပဂိုးရရှိခဲ့သည်။

ပွဲချိန် ၇၉ မိနစ်တွင် မြန်မာအသင်း တန်ပြန်တိုက်စစ်မှတစ်ဆင့် ဖိလစ်ပိုင် နောက်ပိုင်း အားနည်းချက်ကို အခွင့်ကောင်းယူကာ ရီရီဦးက အနီးကပ်ပိတ်သွင်းခဲ့ခြင်းကြောင့် မြန်မာအသင်း ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့သည်။

လက်ကျန်ပွဲချိန်တွင် မြန်မာအသင်းသည် ရရှိထားသည့် အနိုင်ဂိုးကို ထိန်းထားနိုင်ခဲ့ခြင်းကြောင့် ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ နောက်ဆုံးငါးကြိမ်ဆက် ကြေးတံဆိပ် ရယူနိုင်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲတစ်လျှောက် ၁၀ ကြိမ်စလုံး ဆုတံဆိပ် ရယူထားနိုင်ခဲ့သည်။

ချစ်ဝိုင်း