News

POST TYPE

NEWS

ရန်ကုန်မြို့တွင် နယ်လိုင်စင် တက္ကစီများ ပြေးဆွဲနေမှုကို စည်းကြပ်ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြ
09-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်မြို့တွင်း၌ နယ်လိုင်စင် Taxi ယာဉ်များ ပြေးဆွဲနေမှုကို စည်းကြပ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။ 

လက်ရှိ မြို့တွင်းတွင် ရန်ကုန်လိုင်စင် ကိုင် Taxi ယာဉ်များမှာ City Taxi မှတ်ပုံတင်ခြင်းနှင့် တစ်နှစ် (၁) ကြိမ် သက်တမ်းတိုးရခြင်းကြောင့် စီမံခန့်ခွဲမှု ကုန်ကျစရိတ် မြင့်မားနေပြီး နယ်လိုင်စင် ကိုင် Taxi ယာဉ်များမှာ လုပ်ငန်းလိုင်စင် ဥပဒေအရ တစ်နိုင်ငံလုံး မောင်းနှင်ခွင့် ရှိသည့် အားသာချက်ကြောင့် ရန်ကုန် လိုင်စင်ကိုင် Taxi ယာဉ်များ နစ်နာနေရကြောင်း ၎င်းက ဆိုသည်။

“ရန်ကုန်မှာ နယ်လိုင်စင် ဘာလို့ မောင်းလဲ၊ တိုင်းနဲ့ ပြည်နယ် အားလုံးကို သွားခွင့်ရှိတယ်။ သူတို့ကျ မလုပ်ရဘူး။ ဒီမှာကျ မှတ်ပုံတင်လုပ်ရတယ်။ City Taxi လုပ်တဲ့အခါ အလုပ်ပျက်ခံပြီး လုပ်ရတယ်။ အဲ့ဒီအခါ စီမံခန့်ခွဲမှု စရိတ်တွေပေးရတယ်။ တိုင်းဒေသကြီးအစိုးရက ဘယ်လို ညီညွတ်တဲ့ စီမံခန့်ခွဲမှုတွေ ထိန်းသိမ်းမှုနဲ့ ထိန်းသိမ်းနေလဲဆိုတာ ဆွေးနွေးနေတယ်။ တိကျအောင်လိုက် လုပ်နေတယ်။ နယ်က ဘယ်လောက် ရှိတယ်။ ဒီယာဉ်တွေကို လုပ်ငန်းလိုင်စင် ဥပဒေအရ ဘယ်လိုထိန်းကျောင်းမလဲ လုပ်ဆောင်နေတယ်။ တိုင်းအဆင့် ဆွေးနွေးဆောင်ရွက်နေတယ်” ဟု ဦးလှအောင်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ယခုလက်ရှိ ရန်ကုန် လိုင်စင်ကားများအပြင် ပဲခူးလိုင်စင်၊ ဧရာဝတီတိုင်းလိုင်စင်၊ မန္တလေးလိုင်စင်၊ ကရင်ပြည်နယ်လိုင်စင် စသဖြင့် ပြေးဆွဲနေတဲ့ Taxi ကားများကို တွေ့ မြင်နေရပြီး ယင်းနယ်လိုင်စင် Taxi များပြေးဆွဲမှုကြောင့် ရန်ကုန်လိုင်စင် Taxi ယာဉ်များ နစ်နာမှုများရှိကြောင်း ရန်ကုန်လိုင်စင်ဖြင့် မောင်းနှင်နေသည့် တက္ကစီသမားများက ပြောကြားသည်။

“ရန်ကုန်လိုင်စင်က ကားဝယ်ဈေးလည်း နယ်ထက် ပိုကြီးတယ်။ အခွန် ဆောင်ရတာတွေလည်း များတယ်။ နယ် လိုင်စင်ကားတွေ ရန်ကုန်မြို့တွင်းမှာ မောင်းနှင်နေတာမှ အများကြီးပဲ။ သူတို့ကို ရန်ကုန်မှာ လာမောင်းလို့ အခွန်အခ စည်းကြပ်နိုင်မယ်ဆိုရင် ယာဉ်ကြောလည်း ချောင်သွားနိုင်တယ်။ နယ်လိုင်စင် ကားတွေလည်း နည်းသွားမယ်” ဟု တက္ကစီယာဉ်မောင်းဖြစ်သူ ကိုအောင်ဇော်ဝင်းက ဆိုသည်။ 

ရန်ကုန်ရှိ City Taxi ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရှိ စာရင်းနှင့် တိုက်စစ်ဆေးပြီးပါက စစ်ဆေးပြီးစီးသည့် City Taxi များကို အတည်ပြုပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံတင်ပြထားကြောင်း YRTA ထံမှ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသည့် စီးတီးတက္ကစီ ယာဉ်အစီးရေမှာ ၆၇၀၈၅ စီးရှိပြီး နယ်လိုင်စင် တက္ကစီအရေအတွက်ကိုမူ စာရင်းအတိအကျမသိရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-10