News

POST TYPE

NEWS

ရှမ်းပြည်နယ် လျှပ်စစ်မီးလင်းရေး ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၃၆၀၀၀ ကျော်သုံးမည်
08-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်အတွင်း လျှပ်စစ်မီးလင်းရေး ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၃၆၀၀၀ကျော် သုံးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒီဇင်ဘာ ၈ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ တစ်နိုင်ငံလုံး ဓာတ်အား သုံးစွဲသူ ၅၀ ရာခိုင်နှုန်းပြည့် အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်က တောင်ကြီးမြို့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ရေး၊ ဖြန့်ဖြူးပေးနိုင်ရေး ကာလတို၊ ကာလရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်နေရာ ယခုဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၃၆၁၀၀ သုံးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရှမ်းပြည်နယ်အတွင်း လျှပ်စစ်မီးလင်းရေး ၂၀၁၆−၂၀၁၇ဘဏ္ဍာနှစ်မှ၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်အထိ ပြည်ထောင်စု ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကျပ်သန်း (၂၉၇၀၀ ဒသမ ၄၉၈) သုံး၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေကြောင်း ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

ရှမ်းပြည်နယ်တွင် (၂၃၀)ကေဗွီဓာတ်အားခွဲရုံ(၂)ရုံ၊ (၁၃၂)ကေဗွီ ဓာတ်အားခွဲရုံ(၄)ရုံ၊ (၆၆)ကေဗွီ ဓာတ်အားခွဲရုံ(၄၈)ရုံ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံ (၁၅၉)ရုံ၊ (၁၁)ကေဗွီဓာတ်အားခွဲရုံ(၄၆၅၅)ရုံရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် (၂၃၀)ကေဗွီမဟာဓာတ်အားလိုင်း(၁၄၈)မိုင်၊ (၁၃၂)ကေဗွီမဟာဓာတ်အားလိုင်း (၂၁၆ဒသမ ၇၀)မိုင်၊ (၆၆)ကေဗွီဓာတ်အားလိုင်း(၇၈၉ဒသမ၇၃)မိုင်၊ (၃၃)ကေဗွီဓာတ်အားလိုင်း(၇၄၈.၆၅)မိုင်၊ (၁၁)ကေဗွီဓာတ်အားလိုင်း (၂၃၄၇)မိုင်၊ (၄၀၀)ဗို့ဓာတ်အားလိုင်း(၂၄၄၆ဒသမဝ၉) မိုင်တို့ဖြင့် မြို့များအပြင် ကျေးရွာ(၁၈၆၆)ရွာ၊ မီးသုံးစွဲသူ(၄၂၃၉၃၀)ဦးနှင့် အိမ်ထောင်စု(၅၁၇၀၅၇)ဦးတို့ကို လျှပ်စစ်ဓာတ်အားပေးထားရှိပြီး ဓာတ်အားသုံးစွဲမှုပမာဏ ၂၈၆ ဒသမ ၆ မဂ္ဂါဝပ်ရှိ ဝန်ကြီးချုပ်က ပြောကြားသည်။ 

မီးလင်းရန်ကျန်ရှိသည့် မြို့နယ်ကျေးရွာများကို လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိရေးအတွက် ပြည်ထောင်စု ဘတ်ဂျက်များဖြင့် လျာထားဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။


  • VIA