News

POST TYPE

NEWS

အကျိုးတူလုပ်ကွက်များတွင် လက်လုပ်လက်စားလုပ်ကွက် ချထားပေးပါက အဆင်ပြေနိုင်ဟုဆို
08-Dec-2019


 မန္တလေး၊ ဒီဇင်ဘာ ၈

မိုးကုတ်ကျောက်မျက်ရတနာနယ်မြေ အကျိုးတူလုပ်ကွက်များတွင် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးပါကလည်း အဆင်ပြေနိုင်ကြောင်း အစိုးရနှင့် အကျိုးတူတူးဖော်ခွင့်ရ ကျောက်မျက်ကုမ္ပဏီအချို့ထံမှ သိရသည်။

“ကျောက်ထွက်တဲ့နေရာမှာ လက်လုပ်လက်စားလုပ်ကွက် လုပ်ကိုင်လိုသူများကို ချထားပေးတာမျိုးဆိုလည်း ကျေနပ်ပါတယ်။ အကျိုးတူလုပ်ကွက်ဧရိယာထဲမှာ ရှိတဲ့အထဲကနေ ၂၀ နဲ့ ၃၅ ရာခိုင်နှုန်းအကြားပေးရင်လည်း သင့်ပါတယ်” ဟု ရူဘီဒရက်ဂွန် ကျောက်မျက်ကုမ္ပဏီလီမီတက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးထွန်းဝင်းက ပြောကြားသည်။
မကြာမီအတည်ပြုလာမည့် ကျောက်မျက်ရတနာနည်းဥပဒေတွင် ဒေသခံလက်လုပ်လက်စားများ လုပ်ကိုင်စားသောက်ခွင့်ရပြီး ကျောက်ထွက်နိုင်ခြေရှိသည့်လုပ်ကွက်များမှာ ချထားပေးရန် မိုးကုတ်ဒေသခံများက တောင်းဆိုမှုများရှိသည်။

ယင်းသို့လက်လုပ်လက်စား နေရာချထားမှုအတွက် မျှတမှုဖြစ်နိုင်ရန်အတွက် ဒေသခံအချို့သည် နိုဝင်ဘာလ ၉ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့လာရောက်စဉ် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။ 

“ရသင့်ရထိုက်တဲ့လုပ်ကွက်တွေ ချထားပေးစေချင်တယ်” ဟု မိုးကုတ်မြို့ ကျောက်မျက်ဥပဒေအကြံပြုကော်မတီဝင် ဦးစိုးမြင့်က ပြောကြားသည်။
“ခက်ခဲ့တဲ့နေရာကို လက်လုပ်လက်စားလေးတွေ ပေးမယ်ဆိုတာ မပေးသင့်ဘူး။ ကျွန်တော်လည်း သဘောမကျဘူး” ဟု မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောဆိုသည်။

မိုးကုတ်ကျောက်မျက်ရတနာ တူးဖော်ရေးဋ္ဌာနက တိုင်းတာချက်များအရ လက်လုပ်လက်စားများအတွက် ဧက ၈၀,ဝ၀၀ ကျော် လျာထားရာ လောင်းစင်၊ ရေဝေ၊ ပင်သပြေစသည့် ကျေးရွာများတွင် ဧက ၆၀,ဝ၀၀ ကျော်၊ ပိန်းပြစ် စသည့်ကျေးရွာများတွင် ဧက ၁၀,ဝ၀၀ ကျော် ကျောက်ပုံစသည့်ကျေးရွာများတွင် ဧက ၆,ဝ၀၀ ကျော် လျာထားကြောင်း သိရသည်။
ကျောက်မျက်ရတနာဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလကအတည်ပြုထုတ်ပြန်ခဲ့ပြီး ယခုအခါ နည်းဥပဒေရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေသည်။

(M - 01)

ဓာတ်ပုံ-မောင်ရဲနွေ



  • VIA