News

POST TYPE

NEWS

ယခုဘဏ္ဍာရေးနှစ်တွင် ချောက်၌ ရွာ ၃၇ ရွာလျှပ်စစ်မီးလင်း၊ရေးလုပ်ဆောင်မည်
07-Dec-2019

ချောက်၊ ဒီဇင်ဘာ ၇

ယခုဘဏ္ဍာနှစ်တွင် ချောက်မြို့နယ်၌ ကျေးရွာ ၃၇ ရွာ လျှပ်စစ်မီးလင်း၊ ရေးလုပ်ဆောင်မည်ဖြစ်ပြီး တစ်မြို့နယ်လုံးလျှပ်စစ်မီးရရှိရန် ကျေးရွာ ၃၂ ရွာ ကျန်ရှိနေသေးကြောင်း ချောက်၊ စလေလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းရုံးများထံမှ သိရသည်။

ချောက်မြို့နယ်အတွင်း ကျေးရွာ ၅၈ ရွာ မီးလင်းရေး ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ကျေးရွာ ၃၇ရွာ မီးလင်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းတာဝန်ရှိသူများထံမှ သိရသည်။ 

ကျေးရွာ ၃၇ ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းအပါဝင် အခြားလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းတို့အတွက် တိုင်းရန်ပုံငွေ ဘတ်ဂျတ်ငွေကျပ်သန်းပေါင်း ၁၉၄၂ ကျော် သုံးစွဲပြီးဆောင်ရွက်သွားမည်ဟု ယင်းမြို့စီမံကိန်းရုံးထံမှ သိရသည်။

‘မကွေးတိုင်း လျှပ်စစ်ရုံးမှာ လုပ်ငန်းတင်ဒါနဲ့ ပစ္စည်းတင်ဒါတာတွေကို ခေါ်နေပြီးဖြစ်တဲ့အတွက် ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျေးရွာ ၃၇ ရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို စတင်လုပ်ငန်းဆောက်ရွက်သွားနိုင်မှာပါ။ မြို့နယ်အတွင်းမှာ Lot လုပ်ငန်းစုကြီး ၅ ရှိပါတယ်။ ချောက်မြို့လျှပ်စစ်ရုံးက Lot  လုပ်ငန်းစုကြီး ၃၊ စလေးမြို့ လျှပ်စစ်ရုံးက Lot လုပ်ငန်းစုကြီး ၂ ခု ၊ တင်ဒါအောင်မြင်တဲ့ အပေါ်မှာမူတည်ပြီး ကုမ္ပဏီ ၄ ခု သို့မဟုတ် ၅ ခု ဖြင့် ဆောင်ရွက်သွားမှာပါ’ ဟု ချောက်မြို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ပြောကြားသည်။

တိုင်းဘတ်ဂျက်ဖြင့် ချောက်မြို့ လျှပ်စစ်ရုံးမှ ၂၂ ရွာ လျှပ်စစ်မီးရရန် Lot လုပ်ငန်းစုကြီး ၃ ခုအတွက် ၁၁ ကေဗွီကေဓာတ်အားလိုင်းဆွဲရေးလုပ်ငန်း ၂၇မိုင်နှင့် ၁၀၀ ကေဗွီကေထရန်စဖော်မာ ၈လုံး၊ ၂၀၀ ကေဗွီကေထရန်စဖော်မာ ၁၇ တပ်ဆင်ရေးလုပ်ငန်းတို့ ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။ 

ထို့ပြင် စလေမြို့ လျှပ်စစ်ရုံးမှ ကျေးရွာ ၁၇ ရွာလျှပ်စစ်မီးရရန် Lot လုပ်ငန်းစုကြီး ၂ ခုအတွက် ၁၁ ကေဗွီကေဓါတ်အားလိုင်း ဆွဲရေးလုပ်ငန်း ၁၄ မိုင်ကျော် နှင့် ၁၆၀ ကေဗွီကေ ထရန်စဖော်မာ ၄ လုံး၊ ၂၀၀ ကေဗွီကေထရန်စဖော်မာ ၁၁လုံးတို့ တပ်ဆင်ရေးလုပ်ငန်းတို့ဖြစ်ကြောင်း ယင်းမြို့ စီမံကိန်းရုံးထံမှ သိရသည်။

ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများအပြင် ဝန်အားနိုင်နှင်းမှုမရှိသော ဂွေးချိုကျေးရွာ ၊ အမှတ် ၆၊ အမှတ် ၁၅ ရပ်ကွက်များတွင် ထရန်စဖော်မာ ထပ်မံတိုးချဲ့တပ်ခြင်း နှင့်ပြောင်းလဲတပ်ဆင်ခြင်း၊ ဆွေးမြေ့နေသော သစ်သားတိုင်းများကို ကွန်ကရစ်တိုင်များဖြင့် အစားထိုးတပ်ခြင်း ၊ အန္တရာယ်ဖြစ်စေနိင်သောနေများတွင် ကေဘယ်ကြိုးများဖြင့် အစားထိုးလှဲလယ်ခြင်း လုပ်ငန်းတို့ကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းမြို့ စီမံကိန်းစာရင်းများအရ သိရသည်။

နေနိုင်



  • VIA