News

POST TYPE

NEWS

ကေအိုင်အေ တပ်စခန်းတစ်ခုကို တပ်မတော် သိမ်းပိုက်
06-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၅

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) လက်နက်ကိုင်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး KIA အခြေပြု စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ အတွင်းက စတင်ကာ တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့ အကြား ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန် ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ တိုက်ပွဲများဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရာတွင် KIA အခြေပြုစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလကုန်ပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းကို နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင် ခန့်အကွာသို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KIA လက်နက် ကိုင်အဖွဲ့က အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်ဟု တပ်မတော်က ဆိုသည်။ 

ယင်းနောက်တွင် အဆိုပါ ဆုတ်ခွာသွားသည့် KIA လက်နက်ကိုင်အဖွဲ့ အခြေပြုထားသည့် တပ်စခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ 

ထို့ပြင် ၎င်းဖြစ်စဉ်နေရာတစ်ဝိုက် အား ဆက်လက်ရှာဖွေရာ KIA ယူနီဖောင်း ဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ်လုပ်သော ၁၀၇ မမ ရှော့တိုက်ဒုံးပစ် စင် ၁ ခုနှင့် ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊ အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား (ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံး၊ ပစ် ကျင်း ၂၀ ကျင်းနှင့် ဆက်စပ်ပစ္စည်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနယ်မြေတစ်ဝိုက်ကို တပ်မတော်စစ်ကြောင်းများက နယ်မြေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အနေနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကာ မြောက်ပိုင်းလက်နက် ကိုင်များတွင် ပါဝင်သည့်အဖွဲ့လည်းဖြစ်သည်။

J-08