News

POST TYPE

NEWS

ကျည်ကာကားခြောက်စီးအတွက် အခွန်ကန်ဒေါ်လာလေးသိန်းကျော် ကင်းလွတ်ခွင့်ပြုရန် လွှတ်တော်တင်
06-Dec-2019

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့် တာမွေမြို့နယ်ရှိ မဲရုံသို့ မော်တော်ယာဉ်ဖြင့် မဲလာပေးခဲ့သည်ကို တွေ့ရစဉ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

နိုင်ငံတော်အကြီးအကဲများနှင့် နိုင်ငံတော်အဆင့် ဧည့်သည်များ လာရောက်မည့် ခရီးစဉ်များတွင် အသုံးပြုရန် Toyota Landcruiser (Bullet Proof)/ ကျည်ကာကား ခြောက်စီးဝယ်ယူရာတွင် အမေရိကန်ဒေါ်လာ လေးသိန်းကျော် ( ၄ ဒသမ ၂၃၁၅ သိန်း) ကို အခွန်ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရက လွှတ်တော်သို့ တင်ပြလိုက်သည်။

“ယာဉ်ခြောက်စီးဝယ်ယူတင်သွင်းတာမှာ ကျသင့်မယ့် အထူးကုန်စည်ခွန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၉၆ သိန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် အမေရိကန်ဒေါ်လာ ၅၅၁၉ သိန်းတို့ကို ကင်းလွတ်ခွင့်ရရေးအတွက် တင်ပြအပ်ပါတယ်” ဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ယင်းကိစ္စကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပေးပို့ထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လာရောက်ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။ 

အဆိုပါမော်တော်ယာဉ် ခြောက်စီးကို ဝယ်ယူရန် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ကျပ် ၁၂၄၉ ဒသမ ၉၉၈ သန်း ခွင့်ပြုချက်ရရှိထားပြီး Toyota Landcruiser (Bullet Proof) ၂၀၁၉ -၂၀၂၀ အမျိုးအစားဖြစ်သည့် ကားခြောက်စီးကို ဂျပန်နိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်သည့်နေရာမှ ရန်ကုန်ဆိပ်ကမ်းအရောက် တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၉၂ သိန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အကျိုးရလဒ်အနေနှင့် နိုင်ငံတော်အကြီးအကဲများ ပြည်တွင်းခရီးစဉ်သွားလာရာတွင် လုံခြုံစိတ်ချမှုရှိခြင်း၊ အန္တရာယ်ကင်းရှင်းစေခြင်းနှင့် နိုင်ငံတော်အဆင့် ဧည့်သည်များ၏ ပြည်တွင်းခရီးစဉ်များတွင်လည်း နိုင်ငံတော်ဧည့်ယာဉ်အဖြစ် အသုံးပြုနိုင်ခြင်းများရရှိမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အထူးကုန်စည်ခွန်ဥပဒေတွင် နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အထူးကုန်စည်ကို အခွန်ကင်းလွတ်ခွင့်၊ အခွန်သက်သာခွင့် ပေးနိုင်သည်ဟု ဖော်ပြထားပြီး အခွန်အကောက် ဥပဒေတွင်လည်း ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်ဖြင့် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် ကုန်စည်များကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

ယင်းတင်ပြချက်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များအနေနှင့် ဒီဇင်ဘာလ ၉ ရက်နေ့နောက်ဆုံးထား၍ အမည်စာရင်းပေးရန် လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

S-01