News

POST TYPE

NEWS

ပဲခူးတွင် ကလေးသူခိုးဟု စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက်သူ ၁၀ ဦး အမှုဖွင့်ခံရ
05-Dec-2019

တောင်ငူ၊ ဒီဇင်ဘာ ၅

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် ကပဲခူးတွင် ကလေးခိုးသည်ဟု စွတ်ဆွဲရိုက်နှက်ခံခဲ့ရပြီး မျက်လုံးတစ်ဘက်ပျက်စီးခဲ့သူ အမျိုးသားက ၎င်းကို ရိုက်နှက်ခဲ့သူ ဒေသခံ အမျိုးသား အမျိုးသမီး ၁၀ဦးကို ဒီဇင်ဘာ ၄ ရက်က အမှုဖွင့်တိုင်ကြားလိုက်ပြီဖြစ်ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရသည်။

ယင်းသို့ စွပ်ဆွဲပြောဆိုကာ လူအုပ်စုဖွဲ့ ရိုက်နှက်ခြင်း လောက်လေးဂွဖြင့်ပစ်ခတ်ခံခဲ့ရသည့် အမျိုးသားသည် လက်ရှိတွင်ပဲခူးဆေးရုံကြီး၌ ကုသမှုခံယူနေရ၊သည့်အပြင် မျက်လုံးတစ်ဘက် ထိခိုက်ပျက်ဆီးခဲ့သည်ဟု တိုင်ကြားစာတွင်ပါရှိသည်။ 

“အမှုဖွင့်လှစ်ထားတာ ဟုတ်ပါတယ်။ မျက်စေ့ကန်းသွားတယ် မကန်းသွားဘူးဆိုတာ မသိရသေးပါဘူး” ဟုပဲခူးမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိက The Voice သတင်းစာကို ပြောကြားသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့နယ် ရွာသစ်ရပ် ၄ လမ်း နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၃၀ ရက် ညနေ ၆ နာရီခန့်က ငွေဖြိုးအောင်(၂၇ နှစ်)ကိုကလေးသူခိုးဟုဆိုပြီး လူအုပ်စုဖြင့် စွတ်ဆွဲဖမ်းဆီး ရိုက်နှက်ခြင်း၊ လေးဂွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ယင်းအမျိုးသားသည်ရရှိထားသော ဒဏ်ရာများဖြင့် ပဲခူးဆေးရုံကြီးတွင် ကုသမှုခံယူနေရပြီးမျက်လုံးတစ်ဘက် လုံးဝပျက်ဆီးခဲ့သဖြင့် နစ်နာသူ၏ ဖခင်က ဒေါ်ဝါဝါမျိုး၊ ရန်နိုင်(ခ)နှာဘူး၊ ၊ဒေါ်မားလေး၊ ဦးကျော်စိုး၊ ဦးဖြိုး၊ ဦးသန်းဌေးအောင်၊ ဒေါ်တင်မာဦး(ခ)စနေမ၊ ဒေါ်ဖြူ၊ ဦးလင်းလင်းနှင့် ဦးတင်ဇော်အေး(ခ)မှုံကြီးဆိုသူတို့ကို ပဲခူးမြို့ရဲစခန်းတွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု မှုခင်းမှတ်တမ်းအရ သိရှိရသည်။

“ဖြစ်တာက ပဲခူးကျောက်ကြီးစု အိမ်တစ်အိမ်ရဲ့ အောက်ထပ်ကမိန်းမလျာနဲ့ချိန်းဖို့လာတာကို အပေါ်ထပ်နေသူက မြင်ပြီး သူခိုးလို့အော်တာပါ။ ဒါနဲ့ထွက်ပြေးရင်း အခင်းဖြစ် နေအိမ်ထဲရောက်သွားချိန် ပတ်ဝန်းကျင်က ကလေးသူခိုးလို့စွတ်ဆွဲစဉ် ဖမ်းဆီးခံရတာ” ဟု ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ယခုရက်ပိုင်းအတွင်း မကွေး ရန်ကုန်နှင့်အခြားမြို့ကြီးအချို့တွင် ကလေးသူခိုးဟုဆိုသော သတင်းအချို့ထွကပေါ်နေသော်လည်း အများစုမှာကောလဟလသာဖြစ်ကြောင်း ဖြစ်ပွားရာနေရာမှ ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီးဒေါ်ဝါဝါမျိုး အပါအဝင် စုစုပေါင်း ၁၀ ဦးကို ပဲခူးမြို့မရဲစခန်းမှ(ပ) ၃၃၈၈/၂၀၁၉ ရာဇသတ်ကြီးဥပ၊ဒေပုဒ်မ ၃၃၆/ ၃၂၅/ ၃၂၃/ ၅၀၆/ ၅၀၀/၁၄၄ နှင့် အမှုဖွင့်လှစ် စစ်ဆေး ဆောင်ရွက်ထားသည်ဟု ယင်းရဲစခန်းမှ သိရသည်။

(R -15)



  • VIA