News

POST TYPE

NEWS

ပြင်သစ်တွင် နှစ်များစွာအတွင်း အကြီးဆုံး အလုပ်သမားသပိတ်ကြီးဖြစ်ပွား
05-Dec-2019


ပါရီ၊ ဒီဇင်ဘာ ၅

ပင်စင်ယူရမည့် အသက်အရွယ်ကို နောက်ဆုတ်ခဲ့ခြင်းနှင့် ပင်စင်ကြေးများ လျှော့ချခဲ့ခြင်းအတွက် မကျေနပ်ကြသော သန်းပေါင်းများစွာ အလုပ်သမားထုက ပြင်သစ်နိုင်ငံတွင် သပိတ်မှောက် တောင်းဆိုဆန္ဒပြနေကြရာ ပြင်းထန်သော ကသောင်းကနင်းဖြစ်စဉ်များ ကြုံနေရသည်ဟု သတင်းများက ဖော်ပြထားသည်။

ရဲတပ်ဖွဲ့၊ ရှေ့နေများ၊ ဆေးရုံနှင့် လေဆိပ်လုပ်သားများ သပိတ်ကို ဆရာ ဆရာမများနှင့် ပို့ဆောင်ရေးလုပ်သားများပါ ပူးပေါင်းလာကြသဖြင့် အထွေထွေသပိတ်ဖြစ်လုနီးပါး ကြုံနေရသည်။

သမ္မတ အီမန်နျူရယ်မက်ခရွန်၏ ပွိုင့်စနစ်ဖြင့် ပင်စင်ပေးမည့် အစီအစဉ်များအပေါ် သပိတ်မှောက်မှုမအား အလုပ်သမားသမဂ္ဂများက သဘောတူထားကြသည်။

သပိတ်ကြောင့် ကသောင်းကနင်း ဖြစ်နေသည့် အခြေအနေများကို အာဏာပိုင်များက ပြန်လည် ပြင်ဆင်ရန်အတွက် ကြိုးစားနေလျက် ရှိသည်။

အလုပ်သမားသပိတ်သည် လာမည့်ကြာသာပတေးနေ့အထိ ကြာဖွယ်ရှိပြီး ပင်စင်ပေးသည့် စနစ်ကို သမ္မတ မက်ခရွန်က မပြင်ဆင်ပါလျှင် သပိတ်ကို ဆက်မှောက်နေမည်ဟု အလုပ်သမားခေါင်းဆောင်များက ပြောကြားသည်။

သပိတ်ကို လူထုထောက်ခံမှု ၆၉ ရာခိုင်နူန်းရှိပါကြောင်း စစ်တမ်းတစ်ခုက ဖော်ပြထားကာ အသက် ၁၈ နှစ်နှင့် ၃၄ နှစ်ကြား လူငယ်ထုက သပိတ်ကို ပိုပြီးထောက်ခံကြသည်။

၁၉၉၅ ခုနှစ်တွင် ပင်စင်စနစ် ပြုပြင်ပြောင်းလဲမှု လုပ်ရာမှ အထွေထွေသပိတ် ပြင်သစ်တွင် ဖြစ်ခဲ့ပြီး သမ္မတ မက်ခရွန်အစိုးရက ယင်းသို့ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မကြုံရန် ကြိုးစားလျက်ရှိသည်။

၁၉၉၅ သပိတ်ကာလက ပို့ဆောင်ရေးလုပ်ငန်းများ သီတင်းပတ် ၃ ပတ်ကြာ ရပ်ဆိုင်းခဲ့ပြီး လူထုထောက်ခံမှု မြင့်တက်ခဲ့ကာ အစိုးရအနေဖြင့် မူဝါဒကို ရပ်ဆိုင်းခဲ့ရသည်။

တစ်ပြည်လုံး ဆန္ဒပြမှု ၂၅၀ လောက်ရှိကာ အချို့သည် အကြမ်းဖက်ဆန္ဒပြပွဲများအထိ ဖြစ်လာနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကတ်စ်တာနာက ပြောကြားသည်။

“ဆန္ဒပြပွဲတွေမှာ လူတွေအများကြီးပါမယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ အကြမ်းဖက်မှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာမယ်ဆိုရင် စနစ်တကျနဲ့ အရေးယူ ဖမ်းဆီးမှုတွေလုပ်ဖို့ တင်ပြထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဝါရောင်အပေါ်အင်္ကျီဝတ်လှုပ်ရှားမှု Yellow vest အုပ်စုက သပိတ်ကို ပါဝင်ပူးပေါင်းမည်ဟု ဆိုထားသည်။

F-02