News

POST TYPE

NEWS

NATO နှစ် ၇၀ မြောက် ထိပ်သီးညီလာခံတွင် စကားများအချေအတင်ဖြစ်ထားသော ခေါင်းဆောင်များ ဆုံတွေ့
05-Dec-2019


လန်ဒန်၊ ဒီဇင်ဘာ ၄

မြောက်အန္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO တည်ထောင်ခြင်း အနှစ် ၇၀ ပြည့်သော ထိပ်သီးညီလာခံ လန်ဒန်မြို့အနီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်အချင်းချင်းအကြား တင်းမာမှုများက အခမ်းအနားအပေါ် သက်ရောက်မှုများစွာရှိခဲ့ကြောင်း သတင်းများက သုံးသပ်ရေးသား ဖော်ပြထားသည်။

တရုတ်ကြောင့် ဖြစ်ပေါ်လာသော ဆိုက်ဘာတိုက်ခိုက်မှုများနှင့် မဟာဗျူဟာမြောက် စိန်ခေါ်မှုများကို ကိုင်တွယ်ရန်အတွက် သုံးနာရီကြာ ဆွေးနွေးညှိနိူင်းမှုများ ပြုလုပ်ခဲ့သည်။ 

အဖွဲ့ဝင်အချင်းချင်း ကာကွယ်ပေးရန် သန္နိဋ္ဌာန်သည် မဟာမိတ်အဖွဲ့ကြီး၏ နှလုံးသားဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က သတိပေးသည်။ 

အမေရိကန်သမ္မတနှင့် ပြင်သစ်သမ္မတတို့အကြား ခေါင်းစဉ်အများအပြားတွင် စကားအချေအတင်ဖြစ်မှုများ အင်္ဂါနေ့အခမ်းအနားတွင် တွေ့ကြုံခဲ့ရသည်။ 

ကျကျနန သရုပ်ဖော်ထားသော အကများဖြင့် စတင်ခဲ့သောပွဲတွင် ညီညွတ်ခြင်းကို ပြသညွှန်းဆိုခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအချင်းချင်းကြား အမြင်မတူညီမှုများကို ကွယ်ဝှက်ထားရန် မဖြစ်နိုင်ခဲ့ပေ။ 

အဖွဲ့ဝင် ၂၉ နိုင်ငံရှိသော မဟာမိတ်အဖွဲ့ကြီး၏ အနာဂတ်ကို သံသယပွားစရာ တစ်စုံတစ်ရာမရှိသော်ငြား ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို တူရကီကစစ်ရေးအရ ဝင်ရောက်ခြင်းကိစ္စအပေါ် သဘောကွဲလွဲမှုများရှိခဲ့သည်။ 

တူရကီ၏ ဆီးရီးယားအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှု၊ အဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေးအရ အသုံးစရိတ်ဆိုင်ရာအဆင့်များ၊ ပြင်သစ်သမ္မတက NATO ၏ ဦးနှောက်သေနေပြီဟု မှတ်ချက်ပြုခြင်းများ စသည်တို့ကြောင့် အဖွဲ့ဝင်များကြား ကွဲပြားမှုများရှိနေသည်။ 

ဗြိတိန်နိုင်ငံဝက်ဖို့ဒ် ဒေသအနီးဇိမ်ခံ ဟိုတယ်တွင် ဆုံတွေ့ကြကာ ဧည့်ခံပွဲကို ဘက်ကင်ဟန် နန်းတော်နှင့် ဒေါင်းနင်းလမ်းတို့တွင် ပြုလုပ်ပေးခဲ့သည်။

NATO မဟာမိတ်အဖွဲ့သည် လူပေါင်း တစ်ဘီလီယံကို ကာကွယ်ပေးနေကြောင်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဂျွန်ဆင်က ခန့်မှန်းပြောကြားခဲ့သည်။ 

ပြင်သစ်သမ္မတနှင့် အမေရိကန် သမ္မတတို့အကြား တင်းမာမှုက တဖြည်းဖြည်း လူသိထင်ရှားဖြစ်လာခဲ့သည်။

F-02