News

POST TYPE

NEWS

ရန်ကုန်တက္ကသိုလ် မကြာမီတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရမည်ဟု အတိုင်ပင်ခံပြောကြား
02-Dec-2019

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်တက္ကသိုလ်သည် မကြာမီတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်တစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြောကြားခဲ့သည်။ 

တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၂ရက်ကကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ပြည့်အထိမ်းအမှတ် စတင်ကြောင်းအခမ်းအနားတွင် အတိုင်ပင်ခံက ၎င်း၏မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေအရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်လာစေရန် လိုအပ်သည်များဆောင်ရွက်နေပြီး မကြာမီကာလတွင်ဖြစ်လာတော့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ပညာရေးဆိုင်ရာပြောင်းလဲမှုအဖြစ် မဟာဌာနစနစ်ထူထောင်ခြင်း၊ သင်ရိုးများကိုပြန်လည်ဆန်းစစ်၍ပြင်ဆင်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူပူးပေါင်းရာတွင် ထိရောက်စေရေးလုပ်ဆောင်နေပြီဟု ၎င်းကဆိုသည်။
 
ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက တက္ကသိုလ်သည် အစိုးရအတွက် ဖွင့်ထားခြင်း မဟုတ်ဘဲ လူထုအတွက် ဖွင့်ထားခြင်းသာဖြစ်၍ အစိုးရက ပံ့ပိုးကူညီရန်သာလိုကြောင်း မှတ်ချက်ပေးသည်။ 

ထို့ပြင် တက္ကသိုလ်သည် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အယူဝါဒများသွတ်သွင်းရာနေရာမဖြစ်စေရဘဲ လူထု၏ အသိပညာနှင့် လွတ်လပ်စွာစဉ်းစားဆင်ခြင်မှုကို ဖွင့်ပေးရသည့်နေရာသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒါတွေလွဲနေရင် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်ဖို့ မလွယ်ဘူး” ဟု ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာန ကထိကလည်းဖြစ်သူ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။ 

ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရစနစ်တွင် အများနှင့်ညီညွှတ်သော တက္ကသိုလ်ကချမှတ်သည့် စည်းကမ်းများကိုလိုက်နာရပြီး ယင်းစနစ်တွင် ဆရာရွေးချယ်ခွင့်သည် ကျောင်းသားများ၌ရှိ၍ လွတ်လပ်သော တက္ကသိုလ်ကောင်စီကသာ ဆုံးဖြတ်ရမည်ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် မိမိတက္ကသိုလ်တစ်ခုချင်းအလိုက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်သင်ယူခွင့်ရှိရပြီး အမိန့်စနစ်အရ ချမှတ်ထားခြင်းများမရှိကြောင်း ရန်ကုန်တက္ကသိုလ် ဆရာသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

ကျောင်းသားများ ရွှေ့ပြောင်းပညာသင်ယူရေး လွယ်ကူအဆင်ပြေစေရန် မူဝါဒများကိုပြုပြင်ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပညာရေးအရည်အသွေးအာမခံမှုစနစ်၊ နိုင်ငံအကျိုးပြုအသုံးချ သုတေတနလုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို E-library အဖြစ်ပြုလုပ်သွားမည့် အစီအစဉ်များလည်းပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် စတင်ကျင်းပခြင်းပွဲတော်ကို ယခုရက်ပိုင်းဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်များ၊ တက္ကသိုလ်သမိုင်းပြခန်းများ၊ စာတမ်းဖတ်ပွဲများ ဆက်လက်ပြုလုပ်မည် ဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာ၁ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအခန်းဏ္ဍတွင် ပါဝင်သော ခေါင်းဆောင်များ၊ အထင်ကရပုဂ္ဂိုလ်များကို မွေးဖွားပေးရာအရပ်ဖြစ်ပြီး ၂၀၂၀ခုနှစ်တွင် နှစ်တစ်ရာပြည့်မည် ဖြစ်သည်။ 

■ကျော်ဖြိုး၊ ဓာတ်ပုံ-ရဲပြည့်ဇာနည်