News

POST TYPE

NEWS

မန္တလေးတိုင်းတွင် တောဆင်ရိုင်းသေဆုံးမှု ၁၂ ကောင်ရှိ
02-Dec-2019

မန္တလေး၊ ဒီဇင်ဘာ ၂

မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၇ နှစ်တာကာလအတွင်း တောဆင်ရိုင်း ၁၂ ကောင်သေဆုံးပြီး ၉ ကောင်မှာ သတ်ဖြတ်ခံရကြောင်း မန္တလေးတိုင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်း၌ ၂၀၁၃ ခုနှစ်တွင် ၁ ကောင်၊ ၂၀၁၇ ခုနှစ်တွင် ၆ ကောင်၊ ၂၀၁၈ ခုနှစ်တွင် ၄ ကောင်နှင့် ၂၀၁၉ ခုနှစ်တွင် ၁ ကောင်၊ စုစုပေါင်း ၁၂ ကောင်သေဆုံးပြီး ၉ ကောင်မှာ ဆင်မုဆိုးများ၏ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က ပြောကြားသည်။
တောဆင်ရိုင်းသတ်ဖြတ်ခံရမှု သတင်းကွင်းဆက်များအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ မန္တလေးမြို့ပေါ်တွင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ သိုလှောင်ထားရှိရာ နေရာ ၂ ခုသို့ ၃ ကြိမ် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ တောဆင်ရိုင်း ၁၂၂ ကောင်အထိ သတ်ဖြတ်ခံရကြောင်း သစ်တောဦးစီးဌာန စာရင်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု လျော့နည်းပပျောက်ရေးကင်းလှည့်အဖွဲ့ကို သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ရွှေဥဒေါင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သပိတ်ကျင်းမြို့နယ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် မြန်မာ့သစ်လုပ်ငန်း၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဆင်အကြောင်း နားလည်တတ်ကျွမ်းသည့် ဒေသခံဆင်ဦးစီး၊ NGO အဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

တောဆင်းရိုင်းဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ တွေ့ရှိပါက WWF ဖုံးနံပတ် ဝ၉ ၄၀၀၈ ဝ၀၁၂၇ ထံ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သိရသည်။

(M - 01)