News

POST TYPE

NEWS

ရွှေမော်ဓောစေတီ လုံးတော်ပြည့်ရွှေသင်္ကန်း ပြန်လည်ကပ်လှူရန် တင်ဒါခေါ်ယူမည်
02-Dec-2019


တောင်ငူ၊ ဒီဇင်ဘာ၂

ပဲခူးမြို့နယ် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ၅ နှစ်တစ်ကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်း ပြန်လည်ကပ်လှူနိုင်ရေး စီမံချက်များရေးဆွဲပြီး ဝန်ကြီးချုပ်ထံတင်ပြထားသည့် စာပြန်လည်ကျလာပါ က လုပ်ကိုင်နိုင်မည့်လုပ်ငန်းရှင်ကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

လက်ရှိစီမံချက်တွေ ရေးဆွဲနေပြီး အစည်းဝေးတွေလည်း လုပ်နေပါကြပြီ။ ဆုံးဖြတ်ချက်ကျလာမှ တင်ဒါခေါ်ယူရမှာဆိုတော့ ၂၀၂၀ထဲမှာ တင်ဒါခေါ်ပြီးမှ ငြမ်းဆင်တာတွေ ဘာတွေလုပ်နိုင်မယ်။ ၂၀၁၅ တုန်းကတော့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်တာ ကျပ်သိန်းပေါင်း၂၇၀၀၀ လောက်ရှိပြီး ရွှေအမှိက်တင်ဒါက ၃ပိဿာနဲ့၂၅ကျပ်သားရရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မည်ဆိုပါက ရွှေပြားသင်္ကန်း ကပ်လှူခြင်း၊ ရွှေမျက်ပါးကပ်လှူခြင်းနှင့် ရွှေဆေးသင်္ကန်း ကပ်လှူခြင်းများကို ဆောင်ရွက်ရပြီး ၂၀၁၅ ခုနှစ် ရွှေဈေးကျပ်ရှစ်သိန်းသာရှိသော်လည်း ယခုနှစ်ရွှေဈေးမှာ ကျပ် ၁၁သိန်းကျော်ရှိနေခြင်းကြောင့် မည်မျှကုန်ကျမည်ကို အတိအကျ ပြောနိုင်ခြင်းမရှိသေးကြောင်း ရွှေမော်ဓောစေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေမော်ဓောစေတီလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် မူလစေတီတော်ကြီးသာမက အရံစေတီတော် ၁၂၁ ဆူလည်းရှိနေပြီး အဆိုပါစေတီမူလဒါယကာများလည်း ပြန်လည်ကပ်လှူနိုင်ရန် ညှိနှိုင်းပေးရကြောင်း စေတီတစ်ခုလုံးကို ရွှေပြားသင်္ကန်းကပ်လှူရန် မတတ်နိုင်သဖြင့် ပစ္စယံပေါ်တွင် ရွှေမျက်ပါးသင်္ကန်းနှင့် စေတီအောက်ခြေပိုင်းများကို ရွှေဆေးသင်္ကန်းများသာ ကပ်လှူကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

ရွှေမော်ဓောစေတီ ဈေးဆိုင်ခန်းများမှ ရရှိငွေ၊ နှစ်စဉ်ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော်မှရရှိသည့် ငွေကြေးနှင့် နေ့စဉ်အလှုခံရရှိသည့် ငွေစုစုပေါင်းမှာ တစ်နှစ်လျှင် ကျပ်သိန်ငါးထောင်ခန့်ရှိပြီး အများဆုံး အသုံးပြုရသည့် ငွေကြေးသည် ငါးနှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု ကုန်ကျစရိတ်ဖြစ်ကြောင်း စေတီဂေါပကအဖွဲ့က ဆိုသည်။

ရွှေမော်ဓောစေတီသည် ပဲခူးမြို့အထင်ကရစေတီတစ်ဆူဖြစ်ပြီး နေ့စဉ်လာရောက်ဖူးမျှော်ကြသည့် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များသာမက ပြည်ပခရီးသွားဧည့်သည်များပါ လာရောက်လေ့ရှိပြီး ပြည်ပခရီးသွားများအနက် ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် အများဆုံးဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားအပါအဝင် နာမည်ကြီ်းဘုရားစေတီများ၏ အရပ်ရပ်ဝင်ငွေ ဘီလီယံချီကာ ရှိနေပြီး အချို့ဘုရားစေတီများက အပ်နှံသည့်ငွေကြေးကို အတိုးမပေးနိုင်တော့ကြောင်း
မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားပြီး လက်ရှိရွှေမော်စေတီဂေါပကအဖွဲ့သည် ယခုနှစ်လယ်ပိုင်းက ဝန်ကြီးချုပ်က အသစ်ပြန်ဖွဲ့ပေးထားသည့် အဖွဲ့ဖြစ်သည်။


R - 15 ၊ ဓာတ်ပုံ-ကိုမျိုး