News

POST TYPE

NEWS

ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် လျှောက်ထားမှု ဥပဒေအရာရှိက လက်မခံ
02-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှေ့နေ ဒေါ်စုဒါလီအောင်ကို ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် တရားစွဲဆိုစစ်ဆေးနေသော အမှုတွင် ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးကို သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန် လျှောက်ထားမှုနှင့်ပတ်သက်၍ ဥပဒေအရာရှိမှ လက်မခံခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများကို ပြောကြားခဲ့သည်။

“ကလေးနှစ်ယောက်က စာမေးပွဲရှိတာကြောင့် ဒီနေ့တရားရုံးဆီ မလာနိုင်ကြောင်း ဒေါ်ဥမ္မာလှိုင်ရဲ့ ရှေ့နေက တရားသူကြီးထံ တင်ပြတယ်။ လာမယ့် ဒီဇင်ဘာ ၆ ရက် ဒါမှမဟုတ် ၁၂ ရက်နေ့ကျမှ ကလေးနှစ်ယောက်ကို စစ်ဆေးဖို့ လျှောက်ထားပေမယ့် တရားသူကြီးက ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ဆေးဖို့ ရက်သတ်မှတ်ပေးလိုက်တယ်” ဟု ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

အဆိုပါ အမှုကို နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် စစ်ဆေးနေပြီး ဒီဇင်ဘာ ၂ ရက်နေ့ လေးကြိမ် မြောက် ရုံးချိန်း၌ ဒေါ်ဥမ္မာလှိုင်၏ သားနှစ်ဦးကို စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားသော်လည်း ကလေးနှစ်ဦးမှာ တရားရုံးသို့ ရောက်မလာသဖြင့် အမှုမစစ်ဆေးဖြစ်ခဲ့ကြောင်း ရှေ့နေများထံမှ သိရသည်။

“တရားလိုပြသက်သေအဖြစ် စစ်ဆေးမယ့် ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်က ကလေးသူငယ်တွေ ဖြစ်တာ ကြောင့် တရားသူကြီးရဲ့ အခန်းထဲမှာပဲ သီးသန့်စစ်ဆေးသွားမယ်။ အခန်းထဲကို ကာယကံရှင် အမှုသည်တွေနဲ့ နှစ်ဖက်ရှေ့နေတွေပဲ ဝင်ခွင့်ပြုပြီး အခြားသူတွေကို ဝင်ရောက်ကြားနာခွင့် မပေးဘူး” ဟု ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများကို ရှင်းပြသည်။

တရားစွဲဆိုခံရသူ ရှေ့နေဒေါ်စုဒါလီအောင်မှာ လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး သံသယတရားခံ အောင်ကြီးဘက်မှ အကျိုးဆောင်ရှေ့နေဖြစ်ကာ ယင်းအမှုကို ခရိုင်တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အချို့နှင့် ပတ်သက်ပြီး အများပြည်သူသိရှိနိုင်စေရန် မီဒီယာထံတွင် ဖြေကြားခဲ့မှုအပေါ် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ ၎င်းတို့၏ မိသားစုဂုဏ်သိက္ခာနှင့် ကလေးနှစ်ဦးအပေါ်တွင် ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါ အမှုကို ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် နှစ်ပတ်ခြားတစ်ကြိမ် တနင်္လာနေ့တိုင်း စစ်ဆေးလျက်ရှိပြီး ယင်းအမှုမှ တရားလိုဖြစ်သူ ဒေါ်ဥမ္မာလှိုင်က ပတ္တာနယ်မြေရဲစခန်းတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် ဗစ်တိုးရီးယား၏ ဖခင်နှင့် ဦးလေး၊ အဒေါ်၊ ရှေ့နေ ဒေါ်ရွက်နုအောင်၊ အောင်ကြီးဘက်မှ ရှေ့နေ ဦးခင်မောင်ဇော်နှင့် ယင်းအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသော သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းတို့ကို ထပ်မံအမှုဖွင့် တိုင်ကြားထားသည်။

(S-03)