News

POST TYPE

NEWS

ကားဟောင်းဈေးကွက်အေးပြီး ကားသစ်ဝယ်အားမြင့်တက်
01-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁

ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ချမှတ်ခဲ့သည့်မူဝါဒကြောင့် ပြည်တွင်ကားဟောင်းဈေးကွက် ဝယ်လိုအားအေးနေပြီး ကားသစ်ဈေးကွက်မှာ ဝယ်လိုအားမြင့်တက်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။ 

လက်ရှိပြည်တွင်းဈေးကွက်တွင် ဆူဇူကီး၊ ဟိုက်ဂျက်ယာဉ်အမျိုးအစားသာ အဟောင်းရောင်းဝယ်ရေးဈေးကွက်၌ လည်ပတ်လျက်ရှိပြီး အဟောင်းတင်သွင်းခွင့်မရှိခြင်းကြောင့် ကားဈေးနှုန်းများကလည်း မြင့်တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

“ထုတ်လုပ်တဲ့ ခုနှစ်က ၃ နှစ်အတွင်း ဖြစ်သွားပြီ။ ကျွန်တော်တို့ ဂျပန်ကားဟောင်းတင်သွင်းခွင့်က မရှိတော့ဘူး။ အဲဒါကြောင့် ၂၀၁၈-၂၀၁၉ နှစ်ထဲမှာ ဘယ်မောင်းနဲ့ ကားသစ်ဘက်ကို သွားနေတယ်။ ပြည်တွင်းမှာလည်း ထုတ်လုပ်တဲ့ကားတွေက များလာတယ်။ ကားအဟောင်းဈေးကွက်ကနေ ကားအသစ်ဈေးကွက်ကို ပြောင်းလာကြတယ်။ ကားအဟောင်းအများစု တော်တော်များနေတယ်။ ရန်ကုန်လိုင်စင်ကိုင်ထားတဲ့ ကားတွေဆိုရင်လည်း လေး၊ ငါးနှစ်လောက်ရှိပြီ။ ကားတွေက တဖြည်းဖြည်းကျလာတဲ့အတွက်ကြောင့်မို့လို့ ကားအသစ်ရဲ့ဝယ်လိုအားက ပိုများလာတယ်” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ် (၂ ဘီး၊ ၃ ဘီး၊ ထော်လာဂျီမပါ) ၁၀ သိန်းကျော်ရှိပြီး ယင်းမော်တော်ယာဉ် ၁၀ သိန်းကျော်အနက် ဘယ်မောင်းယာဉ် ၂ သိန်း ၂ သောင်းကျော်ရှိကြောင်း ကညန စာရင်းအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်က ၁၀၀ ရာခိုင်နှုန်းအပြည့် ကားအသစ်ဈေးကွက် ရောင်းအားတက်လာကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

ဆက်နိုင်