News

POST TYPE

NEWS

ချောင်းသာတွင် ဘင်္ဂါလီ ၉၆ ဦး ဖမ်းဆီးရမိ
01-Dec-2019


ပုသိမ်၊ နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမြို့ ဥတိုကျေးရွာအနီး၌ ရခိုင် ပြည်နယ်ဘက်မှ နယ်မြေစွန့်ခွာလာသည့် ဘင်္ဂါလီ ကျား ၃၁ ဦး၊ မ ၆၃ ဦး၊ ကလေး ၂ ဦး စုစုပေါင်း ၉၆ ဦးကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း ချောင်းသာကမ်းခြေ မြို့အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

၎င်းတို့နှင့်အတူ သယ်ယူပို့ဆောင်ပေးသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ စက်လှေမောင်းနှင့် စက်လှေနောက်လိုက် ရခိုင်တိုင်းရင်းသား ၆ ဦး၊ ဗမာတိုင်းရင်းသား ၆ ဦးနှင့် မီနီဘတ်စ်ကားတစ်စီး၊ ဆူပါကာစတန်ကားတစ်စီး၊ ပရိုဘောက်ကားတစ်စီး၊ စက်လှေ ၂ စီးတို့ကိုလည်း ဖမ်းမိကြောင်း ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူက The Voice Daily သို့ပြောသည်။

“နံနက် ၄ နာရီကျော်ခန့်က ဥတိုရွာ အနီး ပုသိမ်-ချောင်းသာကားလမ်းမှာ မောင်း နှင်လာတဲ့ ကား ၃ စီးကို လုံခြုံရေးအဖွဲ့တွေ စစ်ဆေးတာမှာ ဘင်္ဂါလီ ကျား ၃၂ ဦး ၊ မ ၂၉ ဦး ပေါင်း ၇၁ ဦးဖမ်းမိပြီး ဥတိုချောင်းကမ်းခြေမှာ စက်လှေတစ်စီးနဲ့ ဘင်္ဂါလီ ကျား မ ၂၃ ဦး၊ ကလေး ၂ ဦးမိပါတယ်။ နောက်စက်လှေ တစ်စီးကို ချောင်းသာကမ်းခြေဒေသ ကျောက်မောင်နှမကမ်းခြေမှာမိတာပါ” ဟု ၎င်းက ဆက်ပြောသည်။

အသက် ၄ နှစ်နှင့် ၅ နှစ်ရှိ မိန်းကလေးတစ်ဦး၊ ယောကျာ်းလေးတစ်ဦးပါရှိပြီး ကျန်သူများမှာ အသက် ၁၈ နှစ်အထက်ရှိကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှ နယ်မြေစွန့်ခွာလာသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကနဦးသတင်းအရ သိရသည်။

“လက်ရှိအခြေအနေမှာ စစ်ဆေးနေဆဲပါ။ ဒေသခံတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က အစာရေစာ၊ အဝတ်အစား၊ ဆေးဝါးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးထားပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။

စက်တင်ဘာလအတွင်းက ငပုတောမြို့နယ် ငရုတ်ကောင်းကမ်းခြေမြို့ ကားလမ်းတွင် ပါဂျဲရိုးကားဖြင့်တင်ဆောင်လာသည့် ဘင်္ဂါလီ ၃၆ ဦးကိုလည်းကောင်း၊ နိုဝင်ဘာ ၂၀ ရက်က ပုသိမ်မြို့နယ် ရွှေသောင်ကမ်းမြို့ မီးလင်းချိုင်ကမ်းခြေတွင် စက်လှေဖြင့် ဝင်လာသည့် ဘင်္ဂါလီ ၂၂ ဦးကိုလည်းကောင်း ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

R-12