News

POST TYPE

NEWS

ပဲခူးတွင် အမျိုးသားတစ်ဦး ကလေးသူခိုးဟုဆိုကာ ရိုက်နှက်ဖမ်းဆီးခံရ
01-Dec-2019

ဓာတ်ပုံ-သန်းဝင်းနိုင်

တောင်ငူ၊ ဒီဇင်ဘာ ၁

ပဲခူးမြို့နယ်၊ ရွာသစ် ၄ လမ်း နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးကို ကလေးသူခိုးဟုစွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးမှု နိုဝင်ဘာ ၃၀ ရက်၊ ည ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရသည်။

ရိုက်နှက်ခံရသူသည် ပဲခူးမြို့နယ်၊ ကျောက်ကြီးစုရပ်၊ စီမံကိန်း ၅ လမ်းရှိ နေအိမ်တစ်အိမ်အောက်ထပ်တွင်နေထိုင်သည့် LGBT တစ်ဦးနှင့် ချိန်းတွေ့ရန်လာစဉ် အဆိုပါအိမ်အပေါ်ထပ်နေ အမျိုးသားက သူခိုးဟု စတင်အော်ဟစ်ရာမှ ဖြစ်ပွားခြင်းဖြစ်သည်။

ယင်းသို့ သူခိုးဟု စွပ်စွဲအော်ဟစ်သဖြင့် ပြန်လည်ရှင်းလင်းခွင့်မရဘဲ ထွက်ပြေးခဲ့ရာ အနီးပတ်ဝန်းကျင်လူများက လိုက်ဖမ်းသဖြင့် ရွာသစ်ရပ် ၄ လမ်းရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ပုန်းရှောင်ခဲ့ရခြင်းဖြစ်ကြောင်း ရဲစခန်းထံမှ သိရသည်။ 

သို့သော် လူအုပ်စုလိုက် ကလေးသူခိုးဟု စွပ်စွဲပြောဆိုပြီး ဝင်ရောက်ဖမ်းဆီးရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ပဲခူးမြို့မရဲစခန်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ယင်းကဲ့သို့ ကလေးသူခိုးဟု ဖမ်းဆီးရိုက်နှက်ခံရသူမှာ နေအိမ်အတွင်း ဝင်ရောက်ခိုလှုံခြင်းကို မှားယွင်းစွပ်စွဲခံရခြင်းသာဖြစ်ကြောင်း ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူးနိုင်စိုးက ရှင်းပြသည်။

ရွာသစ်ရပ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက “သူခိုးလို့ အော်ဟစ်တော့ ထွက်ပြေးရင်း အခင်းဖြစ်နေအိမ်ထဲ ရောက်သွားတာ။ ပတ်ဝန်းကျင်ကပါ လိုက်ကြရင်း ကလေးသူခိုးလို့ စွပ်စွဲဖမ်းဆီးခံရတာ” ဟု ပြောကြားသည်။

ယင်းသို့ သူခိုး၊ ကလေးသူခိုးဟု စွပ်စွဲရိုက်နှက်ဖမ်းဆီးခံရသောကြောင့် အဆိုပါအမျိုးသား ဒဏ်ရာများရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ပဲခူးမြို့မရဲစခန်းထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မကွေး၊ ရန်ကုန်နှင့် အခြားမြို့ကြီးအချို့တွင် ကလေးသူခိုးဟုဆိုသော သတင်းအချို့ ထွက်ပေါ်သော်လည်း အများစုမှာ ကောလာဟလသာဖြစ်ကြောင်း ဖြစ်ပွားရာနေရာမှ ဒေသခံအချို့ထံမှ သိရသည်။

မိမိတို့နေအိမ်အတွင်း ခွင့်ပြုချက်မရှိ ဝင်ရောက်သူအမျိုးသားကို သူခိုးဟုမှားယွင်းမိခြင်းဖြစ်ပြီး အမှုဖွင့်လှစ်လိုခြင်းမရှိကြောင်း ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် ၅ လမ်းနေ အိမ်ပိုင်ရှင် ဇနီးမောင်နှံက ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း ရဲစခန်းထံမှ သိရသည်။ 

R-15