News

POST TYPE

NEWS

မီးရထားနှင့် YBS ယာဉ်လိုင်းချိတ်ဆက်ပြေးဆွဲမှု ဒီဇင်ဘာ ၂ ရက်နေ့ စတင်မည်
01-Dec-2019


ရန်ကုန်၊ နိုဝင်ဘာ ၃၀

မီးရထားနှင့် YBS ယာဉ်လိုင်း ချိတ်ဆက်ပြေးဆွဲမှုကို ပထမဆုံးအကြိမ် Pilot Project အဖြစ် သမိုင်းဘူတာရုံနှင့် ဗဟိုလမ်းမပေါ်ရှိ သမိုင်းဘူတာရုံမှတ်တိုင် နေရာတို့တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တစ်ပတ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

အဆိုပါ မီးရထားနှင့် YBS ယာဉ် လိုင်း ချိတ်ဆက်ပြေးဆွဲမှုအစီအစဉ်မှာ သမိုင်းဘူတာအနီး ဗဟိုလမ်းမပေါ်တွင် YBS ယာဉ်လိုင်းများထားရှိကာ ရထားမှ ဘတ်စ်ကားစီးနင်းရာတွင်လည်းကောင်း၊ ဘတ်စ်ကားမှ ရထားစီးနင်းရာတွင်လည်းကောင်း ခရီးသည်များ အဆင်ပြေစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“မီးရထားနဲ့ YBS ယာဉ်လိုင်း ချိတ်ဆက်ပြေးဆွဲမှု Pilot Project ကို တစ်ပတ်ကြာ သမိုင်းဘူတာမှာ ပူးပေါင်းအဖွဲ့တွေနဲ့ ၂ ရက်နေ့က စတင်ဆောင်ရွက်မယ်။ တစ်ရက်ကို မနက် ၇ နာရီ ၉ နာရီ တစ်ချိန် ညနေ ၄ နာအရီကနေ ည ၇ နာရီအထိ တစ်ချိန် နှစ်ပိုင်းခွဲပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်” ဟု ဦးလှအောင်က ပြောသည်။

ရန်ကုန်မြို့၏ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ဘတ်စ်ကားအဆင့်မြှင့်တင်သည့် စီမံကိန်းဖြစ်သည့် မီးရထားနှင့် YBS ယာဉ်လိုင်းချိတ်ဆက်ပြေးဆွဲမှု အစီအစဉ်ကို YRTA, JICA၊ မြန်မာ့ မီးရထား, YCDC နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

Pilot Project စတင် ဆောင်ရွက်မည့် သမိုင်းဘူတာရုံနှင့် ဗဟိုလမ်းမပေါ်ရှိ သမိုင်းဘူတာရုံ မှတ်တိုင်နေရာတွင် လက်ရှိ YBS ၂၂ ယာဉ်လိုင်း၊ ၉၄ ယာဉ်လိုင်း၊ ၁၁ ယာဉ်လိုင်းများ ပြေးဆွဲနေပြီး ယင်းမှတ်တိုင်နေရာမှာ လူစည်ကားပြီး အချက်အချာကျသည့် နေရာဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အများပြည်သူသယ်ယူ ပို့ဆောင်ရေးတွင် ဘတ်စ်ကားဝန်ဆောင်မှုကို အဆင့်မြှင့်တင်နေသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏စီမံကိန်းတစ်ရပ်အရ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းအစီအစဉ်ကို ဌာနဆိုင်ရာများအနေနှင့်လည်း ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

J-10