News

POST TYPE

NEWS

ဘင်္ဂါလီအရေး ဦးဆောင်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကြိုဆိုကြောင်း ဦးကိုကိုကြီးပြောကြား
26-Nov-2019


ပုသိမ်၊ နိုဝင်ဘာ ၂၅

နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့ ICJ တွင် ဘင်္ဂါလီအရေး တရားစွဲခံထားရမှုကို ဦးဆောင်သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြောင်း ၈၈ အရေး တော်ပုံ ကျောင်းသားခေါင်းဆောင်လည်းဖြစ်၊ ပြည်သူ့ပါတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့၌ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ကျင်းပ ပြုလုပ်သော ယင်းပါတီ၏ ရုံးခန်းဖွင့်ဆိုင်း ဘုတ်တင်အခမ်းအနားအပြီးတွင် The Voice Daily ကို ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ တစ်ခါမှ မကြုံဖူးဘူး။ နိုင်ငံတော်ကို တရားစွဲတာဖြစ်တယ်။ နိုင်ငံတော်တစ်ခုလုံးနဲ့ဆိုင်တယ်။ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ်လို့ ခံယူတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်တယ်ဆိုတဲ့ကိစ္စဟာလည်း ပဏာမအဆင့်မှာကတည်းက သူ့ရဲ့တာဝန် ယူမှု၊ တာဝန်ခံမှု ပြသတာဖြစ်လို့ ကြိုဆိုပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ယခုကဲ့သို့ ရင်ဆိုင်ရာတွင် နိုင်ငံတော်တွင်ရှိသည့် အင်စတီကျူးရှင်းများဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေး၊ နိုင်ငံခြားရေး၊ ပြန်ကြားရေးစသည့် အဖွဲ့အစည်းများက တစ်ခုနှင့်တစ်ခု အပြည့်အဝ ပူးပေါင်းကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ အင်စတီကျူးရှင်းများနှင့် ရင်ဆိုင်ရာတွင် မိမိနိုင်ငံ၏အဖွဲ့အစည်းများက နိုင်ငံတကာ အဆင့်မီ တုံ့ပြန်နိုင်သည့် အရည်အသွေးများ ပြင်ဆင်ထားရန်လိုအပ်သည်ကို ယခုဖြစ်ရပ်က မီးမောင်းထိုးပြနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

“ နိုင်ငံတော်မှာ တရားဥပဒေချိုး ဖောက်မှု၊ အကြမ်းဖက်မှုကို ဘယ်သူပဲ ကျူးလွန်ကျူးလွန် လက်မခံဘူး။ ခွင့်လည်း ခွင့်မပြုဘူး။ ဒါမျိုးကို နိုင်ငံတော်က ကျူးလွန်တယ်လို့ စွပ်စွဲတာဟာလည်း နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ထိခိုက်တဲ့ကိစ္စလို့မြင်တဲ့အတွက်ကြောင့် ပြည်သူ့ပါတီက နိုင်ငံတော်နဲ့အတူ တစ်သားတည်း ရပ်တည်သွားမယ်”ဟု ၎င်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီ အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် သမ္မတ၊ အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ကို အရေးယူပေးရန် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး အိုင်စီဂျေတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။ 

ယင်းသို့ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံ ခြားရေးဝန်ကြီး) ဦးဆောင်ကာ နိုင်ငံတကာ တရားရုံးသို့ ဦးဆောင်သွားရောက်ဖြေရှင်းမည်ဖြစ်ကြောင်း သမ္မတရုံးက နိုဝင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

ယင်းအမှုကို ဒီဇင်ဘာလဆန်းပိုင်းအတွင်း စတင်ကြားနာမည်ဖြစ်ပြီး ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့အစည်း အိုအိုင်စီတို့ နိုင်ငံတကာတရားရုံးတစ်ခုတွင် ပထမဆုံးအကြိမ် ဥပဒေအရ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရခြင်းလည်းဖြစ်သည်။ 

R-12