News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံ ရောက်ရှိ
24-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ၂၄

တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ အာဆီယံ-ကိုရီးယားဆွေးနွေးဖက် နှစ် ၃၀ ပြည့်ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင် -ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီ ကျော်က နေပြည်တော်မှ ထွက်ခွာခဲ့ရာ ဘူဆန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်နှင့် ဇနီးဒေါက်တာနန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ကိုရီးယားသမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ်ဌာနချုပ် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ စက်မှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ နေပြည်တော်ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ လိုက်ပါသွားကြသည်။

■ဓာတ်ပုံ- သတင်းစဉ်