News

POST TYPE

NEWS

မန္တလေးအနီး အင်းများတွင် ဆောင်းခိုငှက် ဝင်ရောက်မှုနည်းပါး
22-Nov-2019
မန္တလေး၊ နိုဝင်ဘာ ၂၁

မန္တလေးမြို့အနီးဝန်းကျင်ရှိ အင်းများတွင် ဆောင်းခိုငှက်များ ဝင်ရောက်နေပြီဖြစ်သော်လည်း အဝင်နည်းနေသေးကြောင်း မန္တလေးမြို့မှ ငှက်ကြည့်ချစ်သူများထံမှ သိရသည်။

“ဒီနှစ်က အဝင်နောက်ကျသလို ကောင်ရေလည်း နည်းနေသေးတာကို တွေ့ရတယ်။ ပြီးတော့ အင်းတွေမှာ ငှက်ထောင်တဲ့သူတွေရဲ့ အန္တရာယ်လည်းရှိတဲ့အတွက် ငှက်ဝင်ရောက်မှုအနေအထားက စောင့်ကြည့်ရဦးမယ်”ဟု ငှက်ကြည့်ပညာရှင် ဦးဇေမောင်သိန်းက ပြောကြားသည်။

ယင်းသို့ ဆောင်းခိုငှက်များ မလာ ရောက်ခြင်းသည် ရာသီဥတုအပြောင်းအလဲကြောင့် အဓိကဖြစ်ပြီး ငှက်ဖမ်းခြင်း၊ ငှက်ထောင်ခြင်းတို့ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယခုနှစ်တွင် အမရပူရမြို့နယ်ရှိ ဘမောအင်းမှာ ရေနည်းသော်လည်းငန်းများ ထောင်ကျော်ဝင်ရောက်ပြီး ယင်းမြို့နယ် ဝမ်းဘဲအင်းတွင် တစ်ကောင်မျှ မတွေ့ရသေးကြောင်း၊ ဝမ်းဘဲအင်းတွင် ဆောင်းခိုငှက်များ မလာရောက်သည်မှာ အင်းအတွင်း ဘဲမွေးမြူမှုများရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ တံတားဦးမြို့နယ် သူငယ်တော်ကန်အင်းတွင် ယခုနှစ်၌ ရေနည်းပါးသကဲ့သို့ ပိုက်ဖြင့်ငှက်ထောင်သူများရှိနေသဖြင့် ငှက်ဝင်ရောက်မှုနည်းသည်ကို တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။

ယခုနှစ် တံတားဦးမြို့နယ် ပြူကန်အင်း၌ ရေနည်းပါးသော်လည်း ချည်ခင်စွပ် ငှက်များ၊ ငှက်ကျားနှင့် အုပ်စုဝင်ငှက်များ တွေ့ရကြောင်း၊ အမရပူရမြို့နယ်တောင် သမန်အင်းတွင် ဆောင်းခိုငှက်ဝင်ရောက်မှု မရှိသေးကြောင်း သိရသည်။

ယခုနှစ်တွင် ပလိပ်အင်းအတွင်း၌ ရေဝင်ရောက်မှုမရှိသဖြင့် ဆောင်းခိုငှက်များ၏အစာဖြစ်သည့် ဟင်းညံ့ပင်များ၊ ရေမှော်များ ပေါက်ရောက်မှုမရှိခြင်းကြောင့် ဆောင်းခိုငှက် ဝင်ရောက်မှုမရှိသည်ကို တွေ့ရကြောင်း ပလိပ်မြို့ခံများထံမှ သိရသည်။

ထို့ပြင် ယင်းအင်းများတွင် ဆောင်းခိုငှက် ဝင်ရောက်မှုနည်းပါးသကဲ့သို့ ငှက်ထောင်သူ၊ ငှက်ဖမ်းသူများလည်း ရှိနေကြောင်း၊ ငှက်ဖမ်းဆီးသူများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးသင့်ကြောင်း ငှက်ကြည့်ဝါသနာရှင်များက ပြောကြားကြသည်။

M-01