News

POST TYPE

NEWS

ရခိုင်စစ်ဘေးရှောင်များကို တပ်မတော် ကျပ်သိန်းငါးထောင်လှူ
21-Nov-2019
ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုဝင်များက ငွေကျပ် သိန်းငါးထောင်ကို လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော် ကြည်းရေလေ မိသားစုဝင်များကိုယ်စား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ရခိုင်ပြည်နယ်အစိုးရရုံးတွင် နိုဝင်ဘာလ ၂၀ ရက်နေ့က အခမ်းအနားပြုလုပ်ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဒါန်းငွေကို လက်ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေများကို ပြည်နယ်အစိုးရမှတစ်ဆင့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

တပ်မတော်အနေနှင့် ယင်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ငွေကြေးလှူဒါန်းမှုသည် ယခုပထမဦးဆုံးအကြိမ် ထောက်ပံ့လှူဒါန်းခဲ့ခြင်းလည်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုမြင့်တက်လာခဲ့ပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ အစရှိသည့် မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ရှစ်သောင်းကျော်ခန့် ရှိလာပြီဖြစ်ကြောင်း ဒေသခံ အရပ်ဘက်လူမှုအဖွဲ့များက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဒေသခံများရွာများကို စွန့်ခွာထွက်ပြေးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

(J - 08)